burmaassociatedpress
burmaassociatedpress
Burma Associated Press
292 posts
Don't wanna be here? Send us removal request.
burmaassociatedpress · 3 years ago
Text
Junta has lost 11 outposts in Karen State after coup
Tumblr media
Kawthoolei, September 22
According to data collected by Burma Associated Press, the military has lost a total of 11 bases in KNU-controlled areas, including Waw Lay police station, located in southern Myawaddy Township.
The military base named Kriek, located in Kawkareik Township, Karen State seized last Tuesday. It took only 17 minutes to defeat the outpost, then the Karen National Liberation Army (KNLA) and its allied forces PDF occupied the military outpost, and it was the eleventh outpost that has seized by the KNLA.
That outpost was taken by KNLA on 21 August 2021 once after the SAC’s troops have run and left their base, however, they re-based there later.
Junta keeps losing its outposts from Karen State after taking control of power in 2021. The military has lost only two outposts in 2021 but up to nine outposts have been lost including Waw Lay police station till 20 September 2022.
After the first three months of the coup of 2021, the junta lost strategic point outposts named Thee Mu Hta and Thaw Le Hta which are in Brigade 5 of the Karen National Union controlled area. After exactly one month of Thee Mu Hta being seized, the KNLA occupied SAC’s Thaw Le Hta outpost again.
The military troops based in Kriek and Khar Li Khee outposts from Brigade 6 were run and left their bases in August 2021 then KNU seized the outposts. Later, KNU allowed SAC troops to back and re-based in those outposts after reclaiming according to the NCA agreement.
One year later of Thaw Le Hta seizure, SAC lost Kyauk Nayut and Thaybowboe outposts from Brigade 5 of KNU controlled area. There is only three weeks difference between the Kyauk Nyaut and Thaybowboe seizures. Thaybawboe is one of the strategic outposts where the Myanmar military had been based since the 1990s.
Less than a month after being occupied the Thaybawboe, the Karen ethnic armed organizations and its allies raided Waw Lay police station from Myawaddy Township, weapons were seized and nine members of the local defense forces who were arrested in the station were also rescued as a bonus.
About two weeks after the Waw Lay incident, on June 26, Karen ethnic armed organisations and its allied forces tried to occupy Ukaritha outpost from Brigade 6. The battle has been intense for a week, both SAC and KNU didn’t release the details of death and injury information.
The military mainly used airstrikes to protect Ukaritha outpost, which is near the Thai-Myanmar borderline. Subsequently, there was an incident where a bomb dropped and exploded in the Thailand area and then the Myanmar military apologized for it.
Myanmar military counter-attacked with heavy airstrikes - a total of 94 airstrikes have launched within 4 days: June 27 to 30, according to the KNU statement released on July 5.
Despite SAC save Ukaritha, another five outposts from Brigade 3 of the Karen National Union-controlled area were lost. They are Kyaung Pyar, Aung Laung Sein, Kyun Pin Seik, Kawt Pyin, and Kyaung Su outposts and KNU occupied all of them simultaneously, according to the KNU statement released on July 3.
After the military coup, clashes have been spotted every day in Karen State. According to the Karen National Union (KNU) released on September 13, between January 2021 to the end of August 2022, over 6,000 clashes had happened within the KNU-controlled areas. The clashes have claimed more than 5,000 lives of SAC and its allies Border Guard Force (BGF), and another 4,000 were also injured.
Burma Associated Press
2 notes · View notes
burmaassociatedpress · 3 years ago
Text
အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင်းက ခြေကုပ်စခန်း ၁၁ ခုကို စစ်ကောင်စီလက်လွှတ်ခဲ့ရ
Tumblr media
ကော်သူးလေ၊ စက်တင်ဘာ ၂၁။
BAP သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ မြဝတီမြို့က ဝေါလေရဲစခန်းအပါအဝင် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်းရှိ ခြေကုပ်စခန်း ၁၁ ခုတိတိကို လက်လွှတ်ခဲ့ရပြီးဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်အတွင်းရှိ ကြိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)က ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး KNLA ဘက်က သိမ်းပိုက်နိုင်သည့် ၁၁ ခုမြောက် စခန်းဖြစ်သည်။
အဆိုပါစခန်းသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် (KNLA) က သိမ်းယူခဲ့သည့် စခန်းဖြစ်သော်လည်း စစ်ကောင်စီတပ်များ ပြန်လည်အခြေချ နေထိုင်နေသည့် စခန်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်းရှိ ၎င်းအခြေစိုက်စခန်းများကို ဆုံးရှုံးနေသည်။ ၂၀၂၁ ခုနှစ် တွင် စစ်ကောင်စီသည် စခန်းနှစ်ခုကိုသာ လက်လွှတ်ခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့ထိ ဝေါလေရဲစခန်းနှင့် ယမန်နေ့က သိမ်းယူနိုင်ခဲ့သည့် ကြိတ်စခန်းအပါအဝင် ခြေကုပ်စခန်းကိုးခုကို လက်လွှတ်ခဲ့ရပြီးဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်းပြီး ပထမ သုံးလအကြာမှာပင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ အရေးပါသည့် သီးမူထာစခန်းနှင့် သော်လဲထာစခန်းကို စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။ သီးမူထာစခန်းကိုသိမ်းပြီး တစ်လ တိတိအကြာတွင် သော်လဲထာစခန်းကို KNLA က သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် လေးလအကြာတွင် တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကြိတ်စခန်းနှင့် ကာလိခီးစခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါ စခန်းနေရာများကို (KNU) ထံမှ စစ်ကောင်စီက ပြန်လည်တောင်းယူပြီး တပ်စွဲခဲ့ခြင်းဖြစ်သည်။
သော်လဲထာစခန်းကို ဆုံးရှုံးပြီး တစ်နှစ်အကြာတွင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ ကျောက်ညှပ်စခန်းနှင့် သေ့ဘောဘိုးစခန်းကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြန်သည်။ ကျောက်ညှပ်စခန်း သိမ်းနိုင်သည့်ရက်နှင့် သေ့ဘောဘိုးစခန်း သိမ်းနိုင်သည့်ရက်မှာ အချိန်ကာလအားဖြင့် ၃ ပတ်သာကွာသည်။ သေ့ဘောဘိုးသည် စစ်ကောင်စီက နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားသည့် ခြေကုပ်စခန်းတစ်ခုဖြစ်သည်။
သေ့ဘာဘိုးစခန်းကျပြီး တစ်လမပြည့်ခင်မှာပင် မြဝတီမြို့ရှိ ဝေါလေရဲစခန်းကို ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များသိမ်း ပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သလို စခန်းအတွင်း ဖမ်းဆီးခံထားရသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် (၉)ဦးကိုပါ ကယ်ထုတ်နိုင်ခဲ့သည်။
ဝေါလေရဲစခန်း ဖြစ်စဥ်ပြီးနောက် ၂ ပတ်ခန့်အကြာ ဇွန်လ ၂၆ ရက်နေ့တွင် တပ်မဟာ (၆) နယ်ပြေအတွင်းရှိ ဥကရစ်ထစခန်းကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များ သိမ်းယူရန် ကြိုးပမ်းခဲ့သည်။ ဥကရစ်ထတိုက်ပွဲသည် တစ်ပတ်ခန့် ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်မှုများသော်လည်း အသေးစိတ်အချက်အလက်ကို စစ်ကောင်စီရော ကရင်အမျိုးသားအစည်းအရုံး ဘက်ကပါ မထုတ်ပြန်ခဲ့ပေ။
ထိုင်း-မြန်မာ နယ်စပ်စည်းမျဉ်းအနီးရှိ ဥကရစ်ထစခန်း မကျရေးအတွက် စစ်ကောင်စီသည် တိုက်လေယာဉ်ကို အဓိကအားကိုပြီး ပြန်လည်ခုခံခဲ့သည်။ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ဖက်ထိုင်းနိုင်ငံဘက်သို့ ဗုံးကျရောက် ပေါက်ကွဲသည့် ဖြစ်စဥ်လည်းရှိခဲ့သည်။ ထို့ပြင် ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းမှုကြောင့်လည်း ထိုင်းအစိုးရကို တောင်းပန်ခဲ့ရသည်။
စစ်ကောင်စီသည် ဥကရစ်ထတိုက်ပွဲအတွင်း လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး ဇွန်လ ၂၇မှ ၃၀ထိ လေးရက် အတွင်း လေကြောင်းမှ တိုက်ခိုက်မှုပေါင်း (၉၄) ကြိမ်ရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၅ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ဥကရစ်ထစခန်းကို လက်မလွှတ်ခဲ့ရသော်လည်း တပ်မဟာ (၃) နယ်မြေထဲက ခြေကုပ်စခန်းငါးခုကို ဇူလိုင် ၂ ရက်တွင် ဆုံးရှံးခဲ့ရသည်။ ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်းနှင့် ကျောင်းစုစခန်းတို့ ဖြစ်ပြီး အဆိုပါစခန်းများကို KNLA ဘက်မှ တစ်ပြိုင်နက်တည်း သိမ်းယူနိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ၂၀၂၂ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ လပေါင်း ၂၀ အတွင်း တိုက်ပွဲ ပေါင်း ၆,၀၀၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅,၀၀၀ ကျော်သေဆုံးခဲ့ပြီး ၄,၀၀၀ ဒဏ်ရာရရှိခဲ့သည်ဟု စက်တင်ဘာလ ၁၃ ရက်နေ့ KNU ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Burma Associated Press
1 note · View note
burmaassociatedpress · 3 years ago
Text
ထောင်ဆိုသည့်မှတ်တိုင် သို့ တော်လှန်ရေး လမ်းခုလတ်
Tumblr media
BAP၊ စက်တင်ဘာ ၂၂။
  “ နိုင်ငံရေးအကျဥ်းသားတွေကျန်းမာရေးကောင်းတယ်၊ ထောင်ကျနေတယ်ဆိုပြီးစိတ်ဓါတ်ကျနေတဲ့သူမရှိဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီးခံယူချက်ပြင်းထန်ကြတယ် “ ဟု စစ်ကောင်စီတပ်သော ပုဒ်မသုံးခုဖြင့် တစ်နှစ်နှင့် နှစ်လခန့်ထောင်ကျခံခဲ့ရပြီး ပြန်လွတ်လာသည့် ကိုပြည့်စုံကပြောသည်။
  သူသည် ပုဒ်မ ၅၀၅၊ ၃၅၃၊ ၁၉ (စ) တို့ဖြင့် တရားစွဲခံခဲ့ရပြီး ရွှေဘိုအကျဥ်းထောင်တွင်ထောင်ဒဏ် နှစ်နှစ်ခန့်ချမှတ်ခံခဲ့ရသူဖြစ်သည်။ ယခုတွင်လျှေ့ာရက်များကြောင့် တစ်နှစ်နှင့်နှစ်လခန့်ထောင်ကျခဲ့ပြီး ပြန်လွတ်လာပြီဖြစ်သည်။
  ပုဒ်မ ၅၀၅ သည်အစိုးရနှင့် နိုင်ငံတော်အားပုန်ကုန်မှုနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုတို့ကို အရေးယူသည့်ဥပဒေဖြစ်သည်။ ပုဒ်မ ၃၅၃ သည် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းကို ဟန့်တားနှောက်ယှက်မှု အတွက်အရေးယူသည့်ဥပဒေဖြစ်ပြီး ပုဒ်မ ၁၉ ( စ ) သည် တရားမဝင်လက်နက်ကိုင်ဆောင်မှု အက်ဥပဒေတို့ဖြစ်ကြသည်။ ပုဒ်မ ၅၀၅ သည် နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို စစ်ကောင်စီဘက်က အများအားဖြင့်တပ်လေ့ရှိသည့် ပုဒ်မဖြစ်သည်။
  သူအကျဥ်းကျခဲ့သည့်ရွှေဘိုအကျဥ်းထောင်သည် အချို့အကျဥ်းထောင်များကဲ့သို့ နိုင်ငံရေး အကျဥ်းသားများကို ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်းမရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းဆဲသည်များရှိကြောင်း ကိုပြည့်စုံကပြောပြသည်။
  ကိုပြည့်စုံနှင့်အတူ အခြားသုံးဦးတို့အဖမ်းခံရပြီး ၎င်းတို့အားလုံး ဆွေမျိုးတော်ကြသည်။ လွန်ခဲ့သည့်နှစ် ၄ လ ပိုင်းတွင် ရွှေဘိုမြို့နယ်ရှိ ၎င်းတို့ရွာအနီးရှိရွာတစ်ရွာတွင် စစ်ကောင်စီစစ်တပ်တပ်စွဲစဥ် ထိုရွာရှိ တော်လှန်ရေးအတွင်းတက်ကြွလှုပ်ရှားသူများ နီးစပ်ရာတောထဲသို့ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကိုပြည့်စုံတို့က ရွာတွင် ထမင်းဟင်းများချက်ကာ တိမ်းရှောင်နေရသူများကို ကူညီခြင်းများဆောင်ရွက်ခဲ့သည်။
  ထို့အပြင် ၎င်းတို့ရွာတွင် မီးသပိတ်အပါအဝင် တော်လှန်ရေးနှင့်ဆက်စပ်သည်များကို တက်ကြွစွာဆောင်ရွက်ခဲ့ရာ ရွာရှိကြံ့ခိုင်ရေးထောက်ခံသူများက အနီးရှိတပ်စွဲထားသောစစ်တပ်ထံသို့သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်ဟု သူကဆိုသည်။
 “ နိုင်ငံရေးလုပ်တော့ ကြံ့ဖွံ့တွေနဲ့ တစောင်းစေးနဲ့မျက်ချေး “ ဟု သူ၏ဘဝကို ဥပမာပေး ပြောဆိုသည်။
  ဖမ်းဆီးခံရစဥ် ၎င်းတို့ဖွက်ထားသည့် လက်လုပ်ဂတ်စ်သေနတ်နှင့်လေသေနတ်များတွေ့သောကြောင့် ပုဒ်မ ၃၉ (စ) နှင့်ပါတရားစွဲအရေးယူခံရသည်။
  သို့နှင့် စစ်ကောင်စီတပ်က ကိုပြည့်စုံတို့လေးဦးကို ရွာအုပ်ချုပ်ရေးမှူးက ထောက်ခံပေးပါက ပြန်လွှတ်ပေးမည်ဟုဆိုကာ ကြိုးတုပ်၍ ၎င်းတို့တပ်စွဲရာစခန်းသို့ဖမ်းဆီးသွားလေသည်။
  ပြန်လွှတ်ပေးမည်ဆိုသည်မှာလည်း အုပ်ချုပ်ရေးမှုုးသာထောက်ခံပေးပါက ပိုက်ဆံပေး၍ ပြန်လွတ်အောင် လုပ်နိုင်သည့်အခြေအနေကိုဆိုလိုခြင်းဖြစ်ကြောင်း ကိုပြည့်စုံကရှင်းပြသည်။
  စစ်ကောင်စီစခန်း၌ ၎င်းတို့လေးဦးကို လက်ပြန်ကြိုးတုပ်ကာဒူးထောက်ထိုင်ခိုင်းထားပြီး အုပ်ချုပ်ရေးမှူး အလာကိုစောင့်ကြရသည်။
  “ ပျူစောထီးတွေက ကျတော်တို့ကိုဝိုင်းထားတာ၊ ထွက်ပြေးမှာစိုးလို့ “ ဟု ၎င်းတို့အဖြစ်ကိုပြောပြသည်။
   ကံဆိုးစွာပင် ရွာ၏ ကြံ့ခိုင်ရေးပါတီအမာခံလည်းဖြစ်သည့် အုပ်ချုပ်ရေးမှုုးက ထောက်ခံပေးခြင်းမရှိရာ လေးဦးစလုံး ရွှေဘိုမြို့နယ်ရဲစခန်းမှတဆင့် ရွှေဘိုမြို့နယ်အကျဥ်းထောင်သို့ ရောက်လေသည်။
  ထောင်ဒဏ် ၁၀ နှစ်အောက် အမိန့်ချမှတ်ခံရသူများကို ရွှေဘိုမြို့နယ်အကျဥ်းထောင်တွင်ထားရှိသည်။
  ကိုပြည့်စုံတို့လေးဦး စစ်ကြောရေးသို့ထပ်မရောက်ဘဲ ရွှေဘိုအကျဥ်းထောင်သို့တန်းရောက်ကြသည်ဟုဆိုသည်။
  ရဲစခန်းတွင်ရှိနေစဉ် အမှုစစ်မှာယခင်အရပ်သားအစိုးရလက်ထက်ကထဲက သိကျွမ်းခင်မင်နေသူတစ်ဦး ဖြစ်သည်ဟုပြောသည်။
စစ်ကြောရေးမရောက်ခဲ့သော်လည်း ရဲစခန်းအချုပ်တွင် ပုံစံထိုင်နည်းသင်ပေးရင်း တန်းစီးဖြစ်သူ၏ အရိုက်ခံရသောကြောင့် တစ်ပတ်ခန့်နားအူနေကြောင်းကိုပြည့်စုံကပြောသည်။
  အဖမ်းခံရစဥ် စစ်ကြောရေးတွင်ရင်ဆိုင်ရမည့်ဘေးကိုစိုးရိမ်ခဲ့သော်လည်း အချုပ်တန်းကျခြင်းသည် ကိုပြည့်စုံကိုယ်တိုင် နားမလည်လိုက်သောကံကောင်းခြင်းတစ်ခုဖြစ်သည်။
   “ အထဲ(အကျဥ်းထောင်)မှာဆုံတဲ့သူတွေကတော့ စစ်ကြောရေးရောက်ကြတယ်” ဟု ထောင်ကျစဥ် ၎င်းဆုံခဲ့သည့်နိုင်ငံရေးအကျဥ်းသားအများစု၏ အတွေ့အကြုံကို ပြောပြသည်။
  အချုပ်တွင် နှစ်ညအိပ်ပြီးနောက် ရွှေဘိုမြို့နယ်တရားရုံးမှတဆင့် ရွှေဘိုမြို့နယ်အကျဉ်းထောင်သို့ရောက်သည်။ ရွှေဘိုအကျဥ်းထောင်တွင် အကျဥ်းသားများအခေါ် မိန်းဂျေး သို့ ထောင်မကြီး ( main jail ) တွင် ၁၁ ရက်ခန့်နေခဲ့ရသည်။
  အကျဥ်းသားများအနေဖြင့် တရားရင်ဆိုင်နေရဆဲအချိန်တွင် ထောင်တွင်း အချုပ်ဆောင်တွင်နေ၍ တရားရင်ဆိုင်ရသည်။
 တရားရုံးအမိန့်မကျသေးသည့် အချုပ်သားများအဆောင်တွင် နိုင်ငံရေးသမားများအဆောင်နှင့် ခိုးဆိုးလုနှိုက်ဆောင်ဟု အလွယ်ခေါ်ကြသည့် မှုခင်းပြစ်မှုဖြင့်ထောင်ကျသူများအဆောင်ဟုရှိသည်။ ထို့အပြင် တရားရုံးက အမိန့်ချမှတ်ပြီးသူများအဆောင် နှင့် အမျိုးသမီးအဆောင်ဟူ၍လည်းရှိနေသည်။
    အမျိုးသားများ အကျဉ်းဆောင်တွင် အကျဉ်းသားများအနေဖြင့် ထောင်ထွင်းအနေအစားသက်သာစေရန် မိမိနေချင်သည့်အဆောင် အခန်းစသည်တို့အတွက် ထောင်အာဏာပိုင်များကို ပိုက်ဆံပေး၍ နေရာရွေးချယ်နေနိုင်သည်ဟု ကိုပြည့်စုံကဆိုသည်။
     “ ပိုက်ဆံရှိတဲ့ ခိုးဆိုးလုနှိုက်တွေ ကျတော်တို့အဆောင် (နိုင်ငံရေးအကျဥ်းသားအဆောင်) နေချင်တယ်ဆိုနေလို့ရတယ် “ ဟု ကိုပြည့်စုံကပြောသည်။
  ထို့ကြောင့် ပြစ်မှုအလိုက်လူခွဲထားသည်ဆိုသော်ငြား အဆောင်နှစ်ခုတွင် လူများရောနေသည်ဟု သူကပြောသည်။
   မိန်းဂျေးသည် ပုံစံထိုင်နည်း၊ လမ်းလျှောက်နည်းစသည့် ထောင်တွင်းနေထိုင်သည့် ပုံစံများကို သင်ကြားပေးသည့်နေရာဖြစ်သည်။
  ထိုနေရာတွင်  ခိုးဆိုးလုနှိုက်များဆိုလျှင် သုံးလေးရက်နှင့်ပ��် အချုပ်ဆောင်သို့ပို့ပြီး နိုင်ငံရေးအကျဥ်းသား အများစုကို တစ်ပတ်ခန့်ထားလေ့ရှိသည်။
  ကိုပြည့်စုံတို့သည် မိန်းဂျေးတွင် ပုံစံသင်ရသည်၊ အလုပ်လုပ်ရသည်။ အလုပ်မလုပ်လိုပါက ပိုက်ဆံထပ်ပေးရသည်။
  မိမိတို့နေလိုသည့်အဆောင်ကိုပိုက်ဆံပေးရွေးခြင်းအပါအဝင် စစ်ကောင်စီကိုပိုက်ဆံပေးခြင်း အပြုအမူအားလုံးကို ကိုပြည့်စုံတို့က ငြင်းဆန်သဖြင့် မိန်းဂျေးတွင် ၁၁ ရက်ခန့် နေထိုင်ခဲ့ကြရသည်။
    မိန်းဂျေးသည် ထောင်၏ပုံစံသွင်းသည့်နေရာဟုပြောလျှင်လည်းမမှားပေ။ ထို့ကြောင့်ထောင်တွင်းစိတ်ပိုင်းဆိုင်ရာ ညှဥ်းဆဲမှုကို ထိုနေရာတွင်ပင် ကိုပြည့်စုံတို့စတင်ကြုံတွေ့ကြရသည်။
  မိန်းဂျေးတွင်ရှိစဥ် ကိုပြည့်စုံတို့အလုပ်လုပ်ရသည်။
  ထိုအလုပ်မှာ မိလ္လာအဖုံးဖွင့်ကာ အရည်ကြည်ကိုခပ်ထုတ်ပြီး ထောင်တွင်းစိုက်ပျိုးထားသည့် စိုက်ခင်းရှိသစ်ပင်များကိုလောင်းရသည်။ သစ်ပင်မရှိသည့်နေရာတွင် မြေအလွတ်ကိုသာ လောင်းရသည်ဟု ဆိုသည်။  
  အများအားဖြင့် နိုင်ငံရေးအကျဥ်းသမားများကိုသာ ထို့သို့လုပ်ခိုင်းခြင်းဖြစ်ကာ မိန်းဂျေးတွင်နေရချိန် သိပ်မကြာသည့် ခိုးဆိုးလုနှိုက်များကို သိပ်မလုပ်ခိုင်းကြောင်း ကိုပြည့်စုံကပြောပြသည်။
  ထိုအလုပ်မလုပ်ချင်ပါက တစ်ယောက်နှစ်သိန်းပေးရသည်။ နိုင်ငံရေးနှင့်အကျဥ်းကျလာသူအများစုမှာ ထိုအလုပ်များနှင့်မရင်းနှီးကြသဖြင့် တစ်ခါနှစ်ခါဆိုလျှင်မခံနိုင်ကြတော့ဘဲ အိမ်ကိုပိုက်ဆံ လှမ်းတောင်းကြကြောင်း ကိုပြည်စုံကပြောပြသည်။
  ပိုက်ဆံပေးရန်အာဏာဖီဆန်ခဲ့ကြသည့် ကိုပြည့်စုံတို့မှာမူ မိန်းဂျေးတွင် ၁၁ ရက်နေရပြီး မိလ္လာရေလောင်းခြင်းကို လုပ်ကိုင်ခဲ့ရသည်။
  ထောင်တွင် မနက်ပိုင်း ၆ နာရီခန့်၌တန်းဖွင့်ပြီး ၇ နာရီခန့်တွင် ထောင်တွင်းအလုပ်များစတင်သည်မှာ မနက် ၁၀ နာရီခွဲခန့်အထိဖြစ်သည်။ ထို့နောက်ရေချိုး နေ့လည်စာတန်းစီ၊ စားသောက်ချိန် နှင့် နေ့လည် ၂ နာရီတွင်တန်းပြန်ပိတ်သည်၊ လူစစ်သည်။ နေ့လည် ၂ နာရီခွဲမှစ၍ ညနေလေးနာရီခွဲခန့်အထိ အလုပ်ချိန်ဖြစ်သည်။ ပိုက်ဆံမပေးနိုင်သည့် အကျဥ်းသားများသည် ထိုအလုပ်ချိန်များတွင် မိလ္လာရေလောင်းခြင်းကို လုပ်ရခြင်းဖြစ်သည်။
  ၁၁ ရက်ကြာပြီးနောက် ကိုပြည့်စုံအချုပ်ဆောင်သို့ရောက်သည်။ အချုပ်ဆောင်တွင် မိလ္လာရေ မလောင်းရတော့သော်လည်း နိုင်ငံရေးအကျဥ်းသားများအတွက် တာဝန်ချခံရသည့်အလုပ်များကို လုပ်ရသည်။
 ဤနေရာတွင် အလုပ်မလုပ်လိုပါကလည်း ပိုက်ဆံထပ်ပေးရသည်။
 ဤသို့ ငွေကြေးဖြင့်ထောင်တွင်းလူ့အခွင့်အရေးအလွဲသုံးစားလုပ်မှု၊ ချိုးဖောက်မှုနှင့် လာဘ်ပေးလာဘ်ယူမှု များဖြင့် နိုင်ငံရေးအကျဥ်းသားများကို စိတ်ပိုင်းဆိုင်ရာ ညှဥ်းဆဲကြောင်း ကိုပြည့်စုံကပြောသည်။
  “ ရန်ကုန်ကအင်းစိန်တို့ မန္တလေးကအိုးဝေတို့လို ကိုယ်ထိလက်ရောက်တော့မလုပ်ဘူး။ စိတ်နဲ့တော့လုပ်တယ်။ လာဘ်စားပြီးစိတ်ကိုနှိပ်စက်တယ် “ ဟု သူကပြောသည်။
 စစ်ကောင်စီတရားရုံးကအမိန့်ချမှတ်ပြီး နိုင်ငံရေးအကျဥ်းသားများသည် ထောင်တွင်း တောင်ယာလုပ်ငန်း၊ စိုက်ခင်းရေလောင်းခြင်း၊ နှင့် အထွေထွေသန့်ရှင်းရေး (မြောင်းဖော်ခြင်း၊ တောင်ယာရှင်းလင်းခြင်း) စသည်တို့ လုပ်ကိုင်ရသည်။
 ထောင်တွင်းအလုပ်မလုပ်ချင်သူအားလုံး သတ်မှတ်ထားသည့် ပိုက်ဆံပမာဏပေးရသည်။
  ထို့အပြင် ထောင်အတွင်းတွင် အကျဥ်းကျသူအချင်းချင်းပြန်ဦးစီးနိုင်စေရန်အကျဥ်းထောင်ဘက်က ခန့်ထားသည့် တန်းစီး၊ သူကြီး၊ စည်းကမ်းထိန်းစ��ည် အနေချောင်ကာ အခွင့်အရေးပိုရတတ်သည့်နေရာများကိုလည်း ပိုက်ဆံပေး၍ ရယူနိုင်သည်။
  ရွှေဘိုမြို့နယ်အကျဥ်းထောင်တွင် မနက်စာ ထမင်းကြော်သို့မဟုတ် ဆန်ပြုတ် (သောက်ရေခွက်တစ်ခွက်စာ) ကျွေးပြီး နေ့လည်စာ ပဲဟင်းနှင့် ညစာ အသားဟင်း သို့မဟုတ် အရွက်တစ်မျိုးမျိုးကျွေးသည်။ ညစာ အသား သို့မဟုတ် ငါးဟင်းကို တစ်ပတ် ၂ ကြိမ်ခန့်ကျွေးသည်ဟု ကိုပြည့်စုံကပြောသည်။
  ထောင်ထဲတွင် ထောင်ကျသူများကိုပင် အကျဥ်းစခန်း၏ဝေယျာဝစ္စများဖြစ်ကြသည့် ထမင်းချက်၊ သန့်ရှင်းရေ၊ ရေခပ်၊ တောင်ယာစိုက်စသည်ဖြင့် ထောင်တွင်းအလုပ်များကိုတာဝန်ချခိုင်းသည်။
 ထမင်းဟင်းများကို အကျဥ်းသားများထဲမှ တာဝန်ချခံရသူက တာဝန်ယူချက်ပြုတ်ရသည်ဖြစ်သောကြောင့် လူအများအတွက် ကျွမ်းကျင်စွာအစားအစာချက်ပြုတ်နိုင်ခြင်းရှိမရှိမသေချာပေ။
 ထို့ကြောင့် ထမင်းမာလွန်းပြီး အစာမကြေဖြစ်ကြရသည်။ ထိုကိစ္စအတွက် သက်ဆိုင်ရာ၏ ထိရောက်သည့်ဖြေရှင်းချက်မရှိပေ။
  ထို့ကြောင့် အစာကြေဆေးသည် ထောင်ဝင်စာပို့ပေးရန်တောင်းရသည့် အဓိကပစ္စည်းများတွင်ပါဝင်သည်။
   “ အရင်က ကြက်သားကို ကြော်ကျွေးတာ။ အခုကကြက်သားရေလုံပြုတ်”
 ထောင်မှုုးအပြောင်းအလဲ၌ ကြက်သားပုံစံပြောင်းလဲသွားပုံကို ၎င်းကပြောသည်။
 ထောင်တွင်း ကြက်သားကိုရေလုံပြုတ်သည်လည်း မနူးခြင်းများ အပါအဝင် သွေးအစအနပါသည်များလည်း ရှိသည်ဟုဆိုသည်။
  ထိုမကျက်သည့်အသားများအတွက် ဖြေရှင်းချက်လည်း ရှိနေပါသည်။
 ယင်းမှာ ထောင်တွင်းတောင်ယာမှနေ၍ စူပါကော်ဖီမစ်နှစ်ထုပ်နှင့်ဝယ်ထားသည့်ကန်စွန်းရွက်လက်တစ်ဆုပ်စာ၊ ငပိထောင်း၊ ဆား စသည်တို့ဖြင့် ဖြေရှင်းခြင်းဖြစ်သည်။
 ထိုသုံးမျိုးကို စားဖိုဆောင်ရှိထမင်းချက်ထံ လာဘ်လာဘအဖြစ် စူပါကော်ဖီမစ်သုံးထုပ်ပေး၍ ချက်စေကာ စားကြသည်ဟု ကိုပြည့်စုံကပြောပြသည်။
  ထောင်အတွင်းတွင် အကျဥ်းသားများအမည်နှင့်ထည့်ပေးထားသည့်ပိုက်ဆံစာရင်းနှင့် ကော်ဖီမစ်ထုပ်များသည် အကျဥ်းသားများအတွက် ဘဏ္ဍာရေးသင်္ကေတများဖြစ်ကြသည်။ ကော်ဖီမစ်များတွင် စူပါကော်ဖီမစ်ကိုသာ အသုံးများခြင်းနှင့်နှစ်သက်ကြခြင်းကြောင့် အခြားတံဆိပ်များဆိုလျှင်ဈေးနှိုမ်ခံရသည်ဟု ကိုပြည့်စုံကဆိုသည်။
  ထိုငွေစာရင်းနှင့်ကော်ဖီမစ်ထုပ်များသည် ဘဏ္ဍာရေးသင်္ကေတများဖြစ်သည့်အားလျော်စွာ ပျောက်ဆုံးမှု များလည်း ကြုံကြရသည်။
  အကျဥ်းထောင်မှဦးစွာလွတ်သွားသည့် ထောင်တွင်းမိတ်ဆွေက ကိုပြည့်စုံအတွက် ပိုက်ဆံတစ်သောင်း ထောင်တွင်းငွေစာရင်းထဲသို့ထည့်ပေးခဲ့သော်လည်း ထိုငွေအကြောင်း ကိုပြည့်စုံလွတ်သည့်အချိန်မှသာသိရသည်။
  ထို့အပြင်ကိုပြည့်စုံထက်စောစီးစွာလွတ်သွားသည့် ၎င်း၏ဖခင်က ကိုပြည့်စုံအတွက် ထောင်တွင်းငွေအဖြစ် အစားထိုးသုံးသည့် စူပါကော်ဖီမစ်အထုပ်ကြီးနှစ်ထုပ်ပို့ပေးခဲ့သော်လည်း ကိုပြည့်စုံမရရှိခဲ့ပေ။
 ယင်းသို့ကြုံရသည်မှာ ၎င်းတစ်ယောက်တည်းမဟုတ်ဘဲ အကျဥ်းကျသူအတော်များများ ကြုံကြရသည်ဟု သူက ပြန်ပြောပြသည်။
  ထောင်အတွင်းတွင် ဘောပင်၊ သွားတိုက်ဆေး၊ သွားပွတ်တံ စသည့်ပစ္စည်းများကိုလည်းဝယ်ယူနိုင်သည်။ ဈေးမှာ အပြင်နှင့် နှစ်ဆခန့် ပိုပေးရသည်။ လိုအပ်သည့်ပစ္စည်းကို အိမ်မှထည့်ပေးလိုက်ပါက ��ွားပွတ်တံ၏လက်ကိုင်အချောင်းကိုပင် ချွန်ထက်သည့်ပစ္စည်းဟုသတ်မှတ်ကာ လက်ကိုင်ကိုချိုးပြီးမှ အကျဥ်းသာကိုပေးသည်။
  သို့သော် ထောင်အတွင်း ဝန်ထမ်းအရာရှိရောင်းသည့်ဆိုင်တွင်ဝယ်ပါက သွားပွတ်တံကို အကောင်းအတိုင်း ရသည်။
  တစ်ခါတစ်ရံ အကျဥ်းသားများအားလုံးကို အခန်းပြင်ထွက်ခိုင်းပြီး ၎င်းတို့အိပ်ဆောင်များတွင် လက်နက်ရှိမရှိစသည် ရုတ်တရတ်စစ်ဆေးခြင်းလုပ်သည့်အခါ စစ်ဆေးသူများက ထိုသွားပွတ်တံ အကောင်းများကို သိမ်းသွားသောကြောင့် ဈေးဆိုင်တွင်ဈေးကြီးပေး၍ထပ်ဝယ်ရသည်ဟုလည်း ကိုပြည့်စုံကဆိုသည်။
  ယင်းသို့ အကျင့်ပျက်ခြစားမှုများဖြင့် အကျဥ်းသားများကို စိတ်ပိုင်းဆိုင်ရာညှဥ်းဆဲသည်ဟု ကိုပြည့်စုံကယူဆသည်။
  ကိုပြည့်စုံတို့အဆောင်တွင် အကျဥ်းသားပေါင်း ၈၃ ဦးရှိပြီး အိမ်သာနှစ်လုံးသာရှိသည်။
  အိမ်သာမလုံလောက်သည့်အပြင် ပင်မရေကန်နှင့်၎င်းတို့အဆောင်သို့ဆက်သွယ်ထားသည့် မြေအောက်ရေပိုက် သံချေးတက်သည်ကို မပြင်ဘဲထားသောကြောင့် ရေတင်မရသည့်ပြဿနာပါကြုံကြရသည်။
  ထို့ကြောင့် ၎င်းတို့အဆောင်အတွက် ရေချိုးရန်အတွက်လည်း မလောက်ငှဘဲ ရေအခက်အခဲရှိကြသည်။
 “ အိမ်���ာထဲမှာ ရေလောင်းဖို့ ရေမရှိဘူး၊ တန်းကလည်းမဖွင့် ရေကလည်းခပ်လို့မရဘူး။ တန်းဖွင့်မှ အပြင်အိမ်သာကိုပြေးရတယ် “ ဟု တန်းပိတ်ချိန်များတွင် အိမ်သာမလုံလောက်မှုနှင့် ရေမလုံလောက်မှုတို့ကို ရင်ဆိုင်ရပုံကိုပြောပြသည်။
  အဆောင်တွင်း အကျဉ်းသား ၈၃ ယောက်ခန့်ပြွတ်သိပ်နေရပြီး ရေချိုးမမှန်ကြသောကြောင့် ပွေး၊ ဝဲ၊ ညှင်း စသည့်အရေပြားရောဂါများ အားလုံးလိုလိုတွင်ရှိကြသည်။
  ထိုအဆောင်တွင် ယခင်ကပိုက်ဆံရှိသည့် အကျဥ်းသားများဝယ်ယူတပ်ဆင်ပြီးထားခဲ့သည့် တီဗွီတစ်လုံးရှိသည်။ ထိုတီဗွီ နှင့် စာကြည့်တိုက်သည် အကျဥ်းသားများအတွက် ဖျော်ဖြေမှုသာမက အပြင်လောအား အလွမ်းဖြေစရာများအဖြစ်အသုံးတော်ခံသည်။ ထိုတီဗွီမှ မြဝတီ၊ မြန်မာ့အသံ၊ YTV၊ Fortune စသည့်လိုင်းများကိုကြည့်ရှုနိုင်သည်။
  ရွှေဘိုမြို့နယ်အကျဥ်းထောင်တွင် ထောင်ဝန်ထမ်းအချို့အလုပ်မလုပ်လို၍ ထွက်ပြေးသောကြောင့် တိုက်ပိတ်ခံရသည်များလည်းရှိသည်ဟု ကိုပြည့်စုံကပြောသည်။
  လွတ်အောင်မပြေးကြဘဲ အိမ်ပြန်နေကြသည်ဖြစ်သောကြောင့် ပြန်အဖမ်းခံရသည်ဟု ထင်ကြောင်း ကိုပြည့်စုံကပြောသည်။
  “ မလုပ်ချင်ဘူးလဲပြောသေးတယ်၊ အနီးအနားပဲပြေးတာကိုး “ ဟု၎င်းကဆိုသည်။
  လက်ရှိတွင် စစ်ကောင်စီသည် နွေဦးတော်လှန်ရေးနှင့်စပ်လျဥ်းပြီး အဖမ်းဆီးခံရသူများအား ညှဥ်းပန်းနှိပ်စက်ခြင်း၊ စစ်ကြောရေးတွင် သတ်ပစ်ခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများနှင့် မိသားစုအားကြောင်းမကြားဘဲ သေဒဏ်ပေးမှုများကို ကျူးလွန်နေလျက်ရှိသည်။
  ယမန်နှစ်အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၃၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၇၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်��ံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှထုတ်ပြန်ထားသည်။
  ရွှေဘိုအကျဉ်းထောင်အတွင်း ပိုက်ဆံမပေးသူများကို တစ်ခါတစ်ရံ မထင်သလို မိန်းဂျေးသို့ နာမည်တပ်ခေါ်ကာ မိလ္လာဆေးခိုင်းလေ့ရှိသည်။
   ကိုပြည့်စုံကတော့ အမိန့်ချပြီးနောက်ထောင်တွင်း ငါးလခန့်သာကြာမြင့်ပြီး ပြန်လွတ်လာသည်ဖြစ်သောကြောင့် ထိုသို့ထပ်အခေါ်ခံရသည်ကို မကြုံခဲ့ရပေ။
  ကုလသမဂ္ဂ၏လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၅ တွင်မည်သူကိုမျှ ညှဥ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရဟုဖော်ပြထားသည်။ စစ်ကောင်စီသည် ၎င်းတို့ဖမ်းဆီးမိသည့်သူများအပေါ်တိုင်းတွင် ဤအပိုဒ်ကိုဖောက်ဖျက်ကျူးလွန်လျက်ရှိသည်။
  လွတ်ရက်စေ့ပြီးနောက် ပြန်လွတ်လာသည့် ကိုပြည့်စုံကတော့ အဖမ်းမခံရစဥ်အတိုင်းပင် တော်လှန်ရေးရည်မှန်းချက်ဆီသို့ ရောက်နိုင်ရန် မျှော်မှန်းစိုင်းပြင်လျက်ပင်။
  Burma Associated Press
2 notes · View notes
burmaassociatedpress · 3 years ago
Text
အချည်းနှီးမဟုတ်သော သွေးစက်များ
Tumblr media
BAP၊ စက်တင်ဘာ ၂၁။
 တစ်ဝက်တစ်ပျက်ပွင့်နေသည့် ခေါင်းတလားအတွင်းသို့ ခေါင်းငိုက်စိုက်ချကာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက် တရှုံ့ရှုံ့ ငိုကြွေးနေသည်။
 အသုဘရှုနေသူများအကြား ချုံးပွဲချမငိုမိစေရန်ထိန်းထားသည်ကို သူ၏ ရှိုက်သံတို့က သက်သေခံလျှက်ရှိသည်။
 ‘အင့်ကနဲ’ ‘အင့်ကနဲ’ ဖြင့် အတောမသတ်အောင် ငိုကြွေးနေသည့်ကြားမှပင် သူနှင့် သက်ဆိုင်သူသာကြားနိုင်မည့် လေသံဖြင့်လည်း တရစပ်ဆုတောင်းပေးနေသည်။
 ခေါင်းတလားအတွင်းတွင်မူ အစိမ်း��ုပ်ရောင် ပြောက်ကျားယူနီဖောင်းကိုဝတ်ဆင်လျှက် လဲလျောင်းနေသူမှာ မိခင်၏ တိုးညင်းစွာထွက်ပေါ်နေသည့် ဆုတောင်းပဌာနာကို ငြိမ်သက်စွာခံယူနေအလားပင်။
 ခေါင်းတလား၏ ခေါင်းပိုင်းတွင် “သုးခိ၃်ဖိ စီzသါထ့ အသးနံ၃် ၃၇ နံ၃်၊ ဟ့၃်လီz အသးသမူ ဖဲ ၄.၄.၂၀၂၂ နံ၃်” ဟု ရေးထားသည့် လက်ဝါးကပ်တိုင်ကို တစ်စုံတစ်ဦးကကိုင်ထားပြီး မလှမ်းမကမ်းတွင်မူ လောလောလတ်လတ် တူးဖော်ထားသည့် မြေကျင်းတစ်ခုကရှိနေသည်။
 လက်ဝါးကပ်တိုင်ပေါ်တွင် စကောကရင်စာကို အပြာရောင်မှင်ဖြင့်ရေးသားထားသည့်စာ၏ အဓိပ္ပာယ်မှာ “အရာရှိငယ် စောသန်းဌေး အသက် (၃၇) သည် ၄.၄.၂၀၂၂ တွင် အသက်ပေးခဲ့သည်” ဟူ၍ဖြစ်သည်။
 မိခင်သည်သားဖြစ်သူ၏ရင်ဘတ်ပေါ်တွင် တိတ်တဆိတ်ငိုကြွေးပြီးနောက် ခေါင်းတလာကို အသာအယာ ပိတ်စေသည်။
 ခေါင်းတလားမြေကျင်းဝသို့အရောက် စစ်မြေပြင်တွင် စစ်သားပီပီကျဆုံးခဲ့သည့်သူ့အတွက် နောက်ဆုံးသော အမိန့်စာကို အရာရှိတစ်ဦး လေသံတင်းတင်းဖြင့် ပြန်လေသည်။
 “ဘယ်သူမှ သေနတ်မဖောက်နဲ့နော်”
 “ဘယ်သူမှ သေနတ်မဖောက်ကြနဲ့”
 အမိန့်စာပြန်သည့်သူက ခေါင်းတလားဘေးဝန်းရံနေသည့် ရဲဘော်များ ���ြားလောက်ရုံလေသံဖြင့် ပြောသည်။
 ထို့နောက် ကာကီရောင်ဘောင်းဘီထဲမှနေ၍ ဂတ်စ်မီးခြစ်ကိုထုတ်ကာ အမိန့်စာပြန်သည့် စာရွက်အား မီးရှို့လိုက်သည်။ ထိုသို့ မီးရှို့ပြီးသည်နှင့်တစ်ပြိုင်နက် ခါးကြားမှ ပစ္စတိုသေနတ်ကိုထုတ်ကာ မိုးပေါ်ထောင်၍ သုံးချက်ပစ်ဖောက်လိုက်လေသည်။
 ‘ဖန်း’ ‘ဖန်း’ ‘ဖန်း’ ဟူသည့် သေနတ်သံအဆုံးတွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်စုမှူး စောသန်းဌေးသည် ကော်သူးလေနယ်မြေ၏ တစ်နေရာတွင် ငြိမ်းချမ်းစွာ ထာဝရအနားယူသွားတော့သည်။
 ****
 ထိုအဖြစ်အပျက်တို့သည် လွန်ခဲ့သည့် လေးလခန့်  ( ၂၀၂၂ ခုနှစ် ဧပြီလ အစောပိုင်း )က ဖြစ်သည်။
 အညတရသူရဲကောင်းတစ်ဦး၏ ဈာပနသည် စစ်ကောင်စီတပ်စွဲထားရာ စခန်းကုန်းနှင့်နီးကပ်နေသည့်အတွက် အကျဉ်းချုံးကာ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
 ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အရာရှိငယ်တစ်ဦးဖြစ်သည့် စောသန်းဌေးသည် ကော့ကရိတ်- ကျိုက်ဒုံလမ်းပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာ ‘ကြိတ်’ ရွာအနီး စခန်းကုန်းကို ဒုတိယအကြိမ် တပ်သိမ်းစဉ် ရန်သူ့ကျည်ဆံထိမှန်၍ အသက်ပေးခဲ့ရခြင်းဖြစ်သည်။
 ၂၀၂၁ ဩဂုတ်လ ၂၁ ရက်တွင် အဆိုပါ စခန်းကုန်းကို စစ်ကောင်စီက စွန့်ခွာသည့်အတွက် KNLA က ယာယီသိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်တွင် စစ်ကောင်စီက ပြန်လည်တပ်စွဲလာသည့်အတွက် ဒုတိယအကြိမ် စခန်းသိမ်းတိုက်ပွဲကို KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆင်နွဲခဲ့သည်။
 စစ်ကောင်စီဘက်က လေယာဉ်လာရောက် စစ်ကူပေးသည့်အတွက် တပ်စုမှူးစောသန်းဌေးကျဆုံးခဲ့ပြီး စ��န်းကုန်းကို ထိုစဉ်က သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။
 *****
 ‘ကြိတ်’ စခန်းသည် စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာနှင့် မနီးမဝေးတွင်တည်ရှိပြီး ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးသော်ဇင် ဦးစီးသည့် ခမရ (၅၅၇)  မှ စစ်ကြောင်း နှစ်ကြောင်းလှုပ်ရှားအခြေပြုသည့်စခန်းကုန်းဖြစ်သည်။
 ရန်သူ့အတွက် အားနည်းပြီး၊ တော်လှန်ရေးတပ်သားများအတွက် အားသာသည်မှာ အဆိုပါ စခန်းကုန်းသည် စစ်ကောင်စီ လက်နက်ကြီးပစ်ကူပေးရန် အလှမ်းဝေးလွန်းခြင်းဖြစ်သည်။
ထို့ကြောင့်လည်း စခန်းတွင်တပ်စွဲနေထိုင်သည့် စစ်ကောင်စီလက်ပါးစေများက စခန်းကုန်းကို ခြံစည်းရိုး သုံးထပ်ဖြင့် အခိုင်အမာကာထားသည့်အပြင် ကတုတ်ကျင်းများတူးခြင်း၊ အဝင်အထွက်လမ်းများကို မိုင်းအမြောက်အများ ထောင်ခြင်းဖြင့် အသေအချာ ကာကွယ်ထားသည်။
 “မင်းတို့ နှစ်ဆယ်သုံးဆယ်မလာနဲ့၊ တစ်ရာ၊ နှစ်ရာ တက်လာခဲ့ကြ” ဟု လည်း စခန်းတွင်းမှနေ၍ တော်လှန်ရေးတပ်သားများကို စိန်ခေါ်ခဲ့ကြသည်ဆိုသည်။
 ကရင်အမျိုးသားအစည်းအရုံ့း၊ ကေအဲန်ယူနယ်မြေအတွင်း တထီးတည်း ရပ်တည်ကာ လူစွာလုပ်နေသည့် စစ်ကောင်စီစခန်းကို ဖယ်ရှားရန်အတွက် သက်ဆိုင်ရာခေါင်းဆောင်များ အချိန်ယူကာ အကြိမ်ကြိမ်ဗျူဟာ ရေးဆွဲခဲ့ကြသည်ဟု စစ်ဘက်သတင်းရင်းမြစ်များထံမှသိရသည်။
 ယခုနှစ် ဩဂုတ်လနောက်ပိုင်းမှစတင်ကာ အဆိုပါတပ်စခန်းကို နယ်မြေခံ KNLA နှင့် ပူးပေါင်းအဖွဲ့များက ရိက္ခာနှင့် ခဲယမ်းဝင်သည့် လမ်းကြောင်းများကို ဗျူဟာမြောက် စနစ်တကျဖြတ်တောက်ကာ ဝိုင်းထားခဲ့သည်။
 တစ်လနီးပါးအကြာဝိုင်းရံထားပြီးနောက်တွင် ‘ကြိတ်’ စခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန်နှင့် ပြည်သူဘက်သို့ ပူးပေါင်းရန်လည်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဆိုသည်။ သို့ရာတွင် ဒု-ရင်းမှူး ဗိုလ်မှူးသော်ဇင် ဦးစီးသည့် စစ်ကောင်စီတပ်သားများကတော့ အကြောင်းပြချက်မျိုးစုံပေးကာ ပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။
 စစ်စခန်းအားဝိုင်းထားစဉ်ကာလအတွင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ဖြောင့်တပ်သားများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် သေဆုံးခဲ့ရသည်။
 လက်နက်ချရန် အကြိမ်ကြိမ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ၂၀၂၂ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပူးပေါင်းအဖွဲ့များက စခန်းအားဝင်ရောက် စီးနင်းခဲ့သည်။
 “၁၇ မိနစ်လောက်ပဲ ပစ်ရသေးတယ်၊ စခန်းရသွားတယ်” ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
 စစ်ကောင်စီတပ်ဖွဲ့များသည် စခန်းအား ဖရိုဖရဲစွန့်ခွာဆုတ်ပြေးကြခြင်းဖြစ်ပြီး စခန်းအတွင်းမှ အလောင်း ၇ လောင်းနှင့် ဒဏ်ရာရသူ နှစ်ဦးကို ပူးပေါင်းအဖွဲ့များက ရရှိခဲ့သည်။
 ထို့အပြင် လက်နက်ကြီးလက်နက်ငယ်များနှင့် ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ရရှိခဲ့သေးသည်။ အချိုပေါ်သကာဆင့်ရသည်မှာ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ခြင်းပင်ဖြစ်သည်။
****
စက်တင်ဘာ နောက်ဆုံးပတ်၏ မိုးသည် သည်းကြီးမည်းကြီးရွာနေသည်။
 တောင်ကျရေကြောင့် တဟုန်ထိုးစီးနေသည့် ချောင်းရေကို မောင်းပြန်သေနတ်ကိုယ်စီလွယ်ထားသည့် တော်လှန်ရေးရဲဘော်များက ည��ချိန်တွင် လက်ခြင်းချိတ်ကာ ဖြတ်ကူးနေကြသည်။
 အောင်ပွဲနှင့်အတူပြန်လာသည့် သူတို့ကို တစ်ဖက်ကမ်းတွင် လာရောက်ကြိုဆိုသူများရှိနေသည်။
 အောင်ပွဲသည် ကော်သူးလေနယ်မြေအတွင်း တမဟုတ်ခြင်း ပြန့်နှံ့သွားသည်။
 “ကြိတ်” စခန်းမှ သယ်ဆောင်လာသည့် ထိုသတင်းကို လဲလျောင်းရာသို့စိမ့်ဝင်လာသည့် မိုးရေများမှတဆင့် စောသန်းဌေးလည်း ကြားပါလိမ့်မည်။ သူ၏ ကျန်ရစ်သူ ဇနီးနှင့် သားချောများကလည်း သိပေလိမ့်မည်မှာ ဧကန်။
 စောသန်းဌေး၏ သွေးတို့သည် အချည်းနှီးမဖြစ်ခဲ့ပါချေ။
 အချိန်ကာလတစ်ခုတွင် တရားမျှတမှုသည် ရောက်လာမြဲပင်ဖြစ်သည်။
 Burma Associated Press
1 note · View note
burmaassociatedpress · 3 years ago
Text
အာဏာရှင်၏မြှုပ်ကွက်နှင့်ငြှိမ်း သတ်ရန်မီးများ
အာဏာရှင်စနစ်၏ ဆိုးညစ်မှုများနှင့်ပတ်သက်ပြီး လူများအတော်သိနေကြသည်မှာ သိပ်တော့မဆန်းပေ။ လက်တွေ့ဖြတ်သန်းရချိန်အတွင်း အခွင့်အရေးဆိုင်ရာမညီမျှမှုများ၊ ဖိနှိပ်ခံရခြင်းများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှ���များ စသည် တို့မှတဆင့် လူတွေနားလည်ခဲ့ကြပြီးဖြစ်သည်။ ကိုယ်တွေ့မဟုတ်တောင် တဆင့်စကားတို့ကို နာကြားရင် အာဏာရှင်စနစ်၏ အဆိုးတရားများကို အတော်အတန် သိနားလည်ထားကြသည်သာဖြစ်၏။ ထိုအရာတွေကစင်စစ် လူမြင်ကွင်း၊ သူမြင်ကွင်းတွင် ဗြောင်ကျကျဖြစ်ရပ်တို့ ပါသလိုလူမသိ၊ သူမသိဖြစ်ခဲ့ခြင်း များ လည်းပါမည်။ နာကျင်ခံစားရစိတ်နှင့် စိတ်ခံစားမှုတို့ကြောင့် ပြင်းအားအတိမ်အနက်သာကွာလိမ့်မည်။ လိမ်ညာ အကွက်ဆင်ထားသော ပြောကြားချက်များမဟုတ်ဘဲ အစစ်အမှန်များသာဖြစ်၏။ မည်သို့ဆိုစေ အာဏာရှင်စနစ်၏ လုပ်နည်းလုပ်ဟန်များအနေနှင့်မူ အလွယ်မြင်တွေ့ သိရှိရန် ရုတ်တရက် မလွယ် ခြင်းများရှိနေနိုင်သည်လည်း အမှန်ပင်ဖြစ်၏။ ဤသည်ကိုနားလည်နိုင်ရန် ခေတ်စနစ်အတွင်း ဖြတ်သန်းမှုတို့ လို ပေမည်။ ဖြတ်သန်းမှုထဲမှာမှ ရေစီးကြောင်းအတိုင်း မလုပ်၊မရှုပ်၊မပြုတ်မူနှင့် စီးမျောလာခဲ့သူဆိုပြန်လျင်လည်း မသိနိုင်။ တစုံတရာ ပြန်လှန်ဆန်းစစ်မှုစသည်ဖြင့် လုပ်ကြည့်မှသိနိုင်ခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့်ရန်ကုန်တွင် YBSစနစ် စတင်ဖော်ဆောင်စဉ်ကအချိန်ကိုပြန်ကြည့်ကြစို့။ ထိုအချိန်က ရန်ကုန်တစ် မြို့လုံးအနှံ့ ဘတ်စ်ကားစနစ်ဟူသည် ကြုံရာ၊ ကျရာကိုဖြစ်သလို ဗျောက်သောက်ပြေးဆွဲ နေသောစနစ်ထက် ဘာ မ��ှမပိုသော အခြေအနေဖြစ်သည်။ ငွေရှိပြီးအာဏာ ရှင်နှင့်နီးစပ်သာ တစ်ယောက် ဒါမှမဟုတ် တစ်စုက သက် ဆိုင်ရာဆီ အောက်လမ်းကနေ ငွေထုပ်ပိုက် ဝင်ထွက်လိုက်ရုံသာဖြစ်သည်။ စီးပွားရေးသမားများပီပီ မည်သည့်လမ်းကြောင်း လူစီးများသည်ကို သိလျင် ထိုလမ်းကြော၌ ကနဦးပြေးဆွဲနေ သော ကားလိုင်းရှိလျင်လည်း စည်းမစောင့်ဘဲ ထိုသို့ဝင်ကြိုးစားသည်။ အာဏာပိုင်ကလည်း စားပွဲအောက်က လာ သောငွေကိုလက်ခံ၍ မီးစိမ်းပြသည်။ ဒါဆို ဆွဲပေရော့။ ဤနေရာတွင်ထိအချိန်က ရန်ကုန်မြို့တွင်းဘတ်စ်ကားပြေးဆွဲရေး၏ အခရာကသည် မော်တော်ယာဉ်လိုင်းပေါင်း စုံထိန်းသိမ်းရေး တနည်း မထသ အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့တွင်ခန့်အပ်ထားသည်က တစ်ချိန်က စစ်တပ်အတွင်း အထက် မရောက်အောက်မရောက်များဖြစ် သည်။ စစ်တပ်အတွင်း မိန်းမကိစ္စ၊ လာဘ်ပေးလာဘ်ယူစသည်ဖြင့် အရေးယူခံရသူတွေမနည်းရှိသည်။ အလားတူစွာ ဆေးပင်စင်သမားများ လည်းမနည်းမနောရှိရာ သူတို့ကိုပြန်နေရာချပေးရင်း အာဏာရှင် ထီးရိပ်အောက် ပြန်ဆွဲ သွင်းသည့်ဗျူဟာဖြစ်သည်။ ဤနည်းဖြင့်သြဇာအာဏာကိုဆယ်စုနှစ်များစွာ တည်ဆောက်ထားခဲ့သည်။ အလားတူ ရွှေတိဂုံဂေါပက၊ YMBA အသင်း စသည့်  တစုံတရာ သြဇာတိက္ကိမ ရှိသည့်အဖွဲ့များထဲမှာလည်း ဘောင်း ဘီချွတ်တို့ ထိုးထည့်ဖြည့်သွင်းရင်း အာဏာစက်ကိုဖြန့်ကျက်တည်ငြိမ်စေခဲ့သည်။ ဤသည်ကို နဝတ နအဖ လက်ထက် အရေးကြီးသင်ခန်းစာတစ်ခုလို လူတန်းစားတစ်ရပ်အသွင် ဖန်တီးရင်း မြို့တိုင်းရွာတိုင်းတွင် သူတို့စိတ်ကြိုက်များကို မြို့မိမြို့ဖ စာရင်းသွင်းပွဲလည်တင့်စေသည်။ ထိုနည်းဗျူဟာ၏ သက်ရောက်ချက်များ က ယခုအချိန် အပြာဝတ်၊ အဝါဝတ်အဖွဲ့တို့ထိတိုင် အရောင်စွန်းထင်းနေဆဲဖြစ်သည်။ အထက်ပါ အကြောင်းအချက်များက အစွန်းထွက်မျှဖြစ်ပြီး ထို့ထက်ပိုသော စွက်ဖက်မှုတို့ အများအပြားလည်း ကျန်သေးသည်။ ဥပမာအားဖြင့် ဘာသာရေးကိုနိုင်ငံရေးမှာ သွတ်သွင်းအသုံးချခြင်းမျိုးဖြစ်သည်။ နေရာတ ကာ တွင် ရိုးသားသောသာမန် ပြည်သူများအတွက် နေရာမရှိဆိုသော အဖြေပင်ဖြစ်သည်။ သို့ဖြစ်ရာအာဏာရှင်စနစ် ၏ လက်တံများနှင့် ပတ်သက်လျင် မျက်ခြေမပြတ်ရန်လိုသလို၊ လျော့မတွက်ရန်လည်း လိုမည်။ အလားတူစွာ အာဏာရှင်အမြစ်ပြတ်ရေး၌ ထိုသို့သော အလွယ်တကူ မမြင်သာသည့် ကိစ္စများထိ အာရုံစိုက် ထား ကြရန်လည်းလိုမည်။ မီးခိုးထွက်နေခြင်းသည် မီးရှိ၍ဖြစ်၏။ ဗမာပြည်မှာ အာဏာရှင်များ မွှေးထားခဲ့သောမီးတို့က နေရာတကာလက်ညှိုးထိုးမလွဲရှိနေသည်။ ထိုအရာများလွတ်မြောက်ချိန်၌ တစ်စစီ အစကောက်ရင်း မည်သို့ငြှိမ်း သတ်ကြမည်လဲဆိုသည်ကို ကြိုတင်စဉ်း စားထားကြရန်လိုပေမည်။
Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
တည်ဆောက်နေခြင်းတို့ မပြိုပျက်စေနှင့်
Tumblr media
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် မပါဝင်သူများကို အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲ၍ ဖမ်းဝရမ်းထုတ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဌာ န၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လွတ်လပ်သောအာရှအသံ (RFA) သို့ မကြာသေးမီက ပြောကြားခဲ့ သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှား (CDM) အရှိန် အဟုန်သည် နွေဦးတော်လှန်ရေးတွင် အားကောင်းသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ယနေ့တိုင်အောင် ပါဝင်နေ သည်မှာ ငြင်းမရသည့် အရှိတရားတစ်ခုဖြစ်၏။ ယင်းလှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် မိသားစုအခြေပျက်ရာမှအစ အထွေထွေအကျပ်အတည်း အခက်အခဲများအား ခါးသီး စွာ ရင်ဆိုင်နေကြရသည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ယင်းလှုပ်ရှားမှုတွင် မပါဝင်နိုင်သေးသော ဖရဲသီး ဟု တင်စားခေါ်ဝေါ်ခံရသူများလည်း မြောက်မြားစွာ ရှိနေသေးသည်။ ယင်းအခြေအနေမှ အခွင့်အခါသင့်၍ လှုပ်ရှားမှုတွင် ပါဝင်လာသူများလည်း ရှိ‌နေသည်။ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများ ကြေညာခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ��� ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်က ကြေညာခဲ့သည်။ ယင်းတွင် စစ်ကောင်စီ၏ တပ်မတော်နှင့် ၎င်းနှင့် ဆက်စပ် လျက်ရှိသော အဖွဲ့အစည်းများအား မြန်မာနိုင်ငံအကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃)အရ အရေးယူမည်ဟု ဖော်ပြခဲ့သည်။ ယင်းသို့ မကြေညာမီ မေလ ၄ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအား ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဥက္ကဌအဖြစ် တာဝန်ယူ၍ ဖွဲ့စည်းခဲ့သည်။ ယင်းတို့၏ နောက်ဆက်တွဲအနေဖြင့် CDM   လှုပ်ရှားမှုတွင် မပါဝင်လာသူများကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲ၍ ဖမ်းဝရမ်းထုတ် မည်ဟု ဆိုလာခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့ဆိုလာခြင်းတွင် အရပ်ဘက်၊ စစ်ဘက် ခွဲခြားမှုမရှိခြင်း၊ ရှင်းလင်းစွာ မပြောဆိုခြင်းနှင့် ထွေ ပြားရောထွေစွာ ပြောဆိုခြင်းကြောင့် ဝန်ကြီး၏ ပြောစကားများသည် ဝေဝါးပြီး အငြင်းပွားစရာဖြစ်နေသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြား ကာလဖွဲ့စည်းပုံအ‌ခြေခံဥပဒေဆိုင်ရာ အစီအမံများ၊ အခန်း (၄) ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ၌ ဖော်ပြသော CDM လှုပ်ရှားမှု ကဏ္ဍတွင်  CDM များကို အားပေးကူညီရန်၊ ယင်းတို့ဖြင့် ပြည်သူ့ယန္တရားအသစ်တည်ဆောက်ရန်နှင့် CDM တွင် မပါဝင်ဘဲ စစ်ကောင်စီသက်ဆိုးရှည်စေရန် အားပေးကူညီနေသူများကို အရေးယူသွားမည်ဟု ဖော်ပြထားသည်။ ယင်းကြောင့် CDM မပါဝင်သူများအား ဖမ်းဝရမ်းထုတ်မည်ဟု ဆိုလာသည့်နည်းတူ CDM များအပေါ် လုံလောက် သော အားပေးကူညီမှုများ ရှိနေပြီးလားဆိုသော အမေးကိုလည်း ပြန်လည်မေးခွန်ထုတ် ဆန်းစစ်သင့်ပါသည်။ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကိုမြှင့်တင်ရန် လိုအပ်သောအခြေအနေအရ CDM  မပါဝင်သူများကို အရေးယူခြင်း သည် ကာလံဒေသံအရ စောလွန်းနေပါသေးသည်။ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုအတွက်လည်း လို အပ်ချက် များ ရှိနေပါသေးသည်။ ထိုကြောင့် ယခုကာလတွင် CDM ၌ ပါဝင်လာရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းနှင့် အားပေးခြင်းက ပို၍သင့်တော်ပါသည်။ ယင်းသည် ပဋိညာဉ်ပါ ပြဌာန်းချက်များဖြင့် ကွဲလွဲခြင်းလည်း မရှိပါ။ တော်လှန်ရေးအောင်မြင်ရန် အကြောင်းရင်းအတွက်လည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ အကျပ် အတည်း မျိုးစုံဖြင့် ရင်ဆိုင်နေရသည့် စစ်ရေးနယ်ပယ်ရှိ ထိပ်ပိုင်းခေါင်းဆောင် မဟုတ်သူများ၏ စိတ်ပိုင်း ၊ရုပ် ပိုင်း လုံခြုံရေး နှင့် တော်လှန်ရေးတွင် ပါဝင်လာစေရန် လမ်းဖွင့်ထားပေးခြင်းဖြင့် လည်းကောင်း ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းနည်းလမ်းကို ရှောင်ကြည်သင့်ပါသည်။ ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်းအတွက် ကာလံဒေသံကို နား လည်ရန်နှင့် သိတတ်ရန် လိုအပ်ပါမည်။ အချိန်အခါကောင်းကို စောင့်တတ်ရန် လိုအပ်ပါမည်။ ထို့အပြင် နွေ‌ဦးတော်လှန်ရေး၏ ရည်ရွယ်ရင်းဖြစ်သော အာဏာရှင်စနစ်အပြီးတိုင်အောင် အမြစ်ပြတ်စေရေး ဆောင်ရွက်ရာတွင် အာဏာရှင်များကျင့်သုံးလေ့ရှိသည့် နည်းလမ်းများကို ရှောင်ကြည်သင့်ပါသည်။ အာဏာရှင်စ နစ်နှင့် အာဏာရှင်ကို တော်လှန်ရင်းဖြင့် ဦးဆောင်တော်လှန်နေသူများ အာဏာရှင်အဖြစ် ရောက်ရှိသွားမည်ကို မလိုလားပါ။ မူဝါဒရေးရာများ အခိုင်အမာချမှတ်ထားသည်နှင့်အညီ မူဝါဒရေးရာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် သည်ကို လိုလားတောင်းဆိုပါသည်။ အာဏာတစ်စုံတရာ အပ်နှင်းခံထားရသူ တစ်စုံတစ်ဦး၏ စိတ်ရှိတိုင်း အာဏာကို ကျင့်သုံး၍ အလွန်အကျွံပြုမူသည်ကို လက်ခံနိုင်ကြမည် မဟုတ်ပါ။ နိုင်ငံရေးနည်းလမ်းတွင် စနစ်တစ်ခုတည်��ောက်ခြင်းအတွက် လူထုပါဝင်လာမှု အားကောင်းရန်၊ လူထု၏ နိုင်ငံရေးအသိအမြင်ကျယ်လာစေရန်နှင့် အင်ထိုက်အားထိုက်ထောက်ခံမှုရရန် လူထုစည်းရုံးလှုံဆော်ရေးသည် အရေး ကြီးပါသည်။ ပင်ကိုယ်အားဖြင့် မိမိတို့ကို ထောက်ခံအားပေးနေသူများ ရန်သူ့ဘက် ကူးပြောင်းသွားစေမည့် နည်းလမ်းနှင့် အပြုအမူများကို ရှောင်ရှားသင့်ပါသည်။ လူတစ်ဦး၏ စိတ်လိုက်မာန်ပါ အပြုအမူကြောင့်နှင့် အပ်နှင်းထားသည့် အာဏာကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများသည် အစိုးရတစ်ရပ်အပေါ် ယုံကြည်မှုကျဆုံးစေတတ်ကြောင်း သတိပြု အပ်ပါသည်။ Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ကလေးများ ကျောင်းသို့ မရောက်နိုင်ကြတော့ပါ
Tumblr media
သွေးညှီနံ့များ လွှမ်းနေသည့်အဆောင်သို့ ပထမဆုံးခြေချလိုက်သည်နှင့် ပြန့်ကျဲနေသော အရိုးစ နှင့်အသားစလေးများကို တွေ့လိုက်ရသည်။ ဝင်ပေါက်၏ ဘယ်ဘက်အခြမ်းတွင်တော့ စုတ်ပြဲနေသော လိမ္မော်ရောင် လွယ် အိတ် လေးတစ်လုံး။ လွယ်အိတ်အလယ်ပိုင်းလောက်မှ ထွက်နေသည့် စာအုပ်လေးများမှာ သေသေသပ်သပ်ဖုံးထားသော်လည်း အနား စများမှာဖွာနေပြီး အနီရောင်သွေးများစွန်းထင်းနေသည်။ အရောင်လွင့်နေသည့် နက်ပြာရောင် လျှာထိုးဦးထုပ် လေးနှင့် မှောက်လျက်ဖိနပ်လေးမှာလည်း လွယ်အိတ်လေးအတွင်း ကပျာကယာထိုးထည့်ထားသည် ထင့် ၊  အတွင်းသို့မဝင်ဘဲ ထိုးထွက်နေသည် ။ လွယ်အိတ်နှင့်မလှမ်းမကမ်းတွင်တော့ သွေးကွက်နှစ်ခုနှင့�� ဖိနပ်တစ်ရံ ။ ထို ပိုင်ရှင်မဲ့ထိုလွယ်အိတ်ကလေးသည် အဆောင်ပေါက်ဝတွင် ပိုင်ရှင်ကိုမျှော်နေသော်လည်း လွယ်အိတ်ပိုင်ရှင်က မူ ဘယ်တော့��ှ ပြန်မလာနိုင်တော့။ လွယ်အိတ်ကလေးကို ပြေးယူရန်ကြိုးစားစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည်။ အသက် ၇နှစ်အရွယ် လူမမယ်ကလေးငယ်သည် စာ သင်ခန်းအတွင်း စာသင်နေရင်း စစ်ကောင် စီတပ်၏ ရဟတ် ယာဉ်ဖြင့် အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် စာသင်ခန်းအတွင်း၌ပင် သေဆုံးခဲ့ရသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ လက်ယက်ကုန်းရွာစာသင်ကျောင်းသို့ စက်တင်ဘာ ၁၆ ရက် နေ့ လယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့် လေးဆယ့်ငါးမိနစ်ကြာ လာရောက်ပစ်ခတ်မှုအပြီး ကျန် ရစ် နေသည့် ကျောင်းမြင်ကွင်းအခြေအနေကို ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြန် လည် ပြောပြခြင်း ဖြစ်သည်။ ‘လွယ်အိတ်ပိုင်ရှင်ကလေးက Grade 1 က ။ လေယာဉ်နဲ့လာပစ်တော့ ကလေးတွေက ပုန်းတဲ့နေရာကို ရောက်နေ ပြီ။ ပုန်းနေရင်းသူကထွက်ပြေးတာ၊ သူ့သူငယ်ချင်းက ဟေ့မပြေးနဲ့လေ ဆရာမက မင်းကိုမပြေးခိုင်းဘူးလေ ကွာ ဆိုတော့၊ မဟုတ်ဘူး ငါ့လွယ်အိတ်ကျန်ခဲ့တယ်ဆိုပြီး လွယ်အိတ်ကိုပြန်ယူတာ၊ လွယ်အိတ်ကိုပြန်ယူပြီးတော့ ပုန်းနေတဲ့ နေရာပြန်အလာမှာ လက်နက်ကြီးပစ်လိုက်တာနဲ့တိုးပြီး ကလေးက နေရာမှာတင်သေသွားတာ’ဟု စစ် ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်က လိမ္မော်ရောင်လွယ်အိတ်လေး၏ ရာဇဝင်ကိုပြောပြသည်။ လွယ်အိတ်ပိုင်ရှင်ကလေးနှင့်အတူ ကလေးလေးဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။  ကလေး ၂၂ ဦးနှင့် ဆရာ ဆရာမနှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ယင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာသည် လက်ယက်ကုန်းရွာရှိ မူလတန်းကလေးများ ထားရှိရာ အဆောင်ဖြစ်သည်။ အသက် ၇ နှစ်မှ အသက် ၁၂ နှစ်အထိသာရှိသော ကလေးများ စာသင်နေသည့် အ ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များရှိသည်ဆိုကာ စစ်ကောင် စီတပ်က ရဟတ်ယာဉ်ပေါ်မှ လက် နက်ကြီးများဖြင့် သဲ သဲမဲမဲပစ်ခတ်ခဲ့သည်။ ဖရိုဖရဲဖြစ်နေသော စာသင်ခုံများ၊ ထက်ခြမ်းကျိုးထားသော ကွပ်ပြစ်အောက်မှ သွေးကွက်ကြီးနှင့်အသားစများ ၊အုတ်နံရံရှိ blackboard ပေါ်မှသွေးစများ ၊ ကျောင်းပန်ကာပေါ်တွင်ကပ်နေသော အသားစများ၊ ကျောင်းနံရံရှိ သွေးစများသည် စစ်ကောင်စီ၏ တရစပ်ပစ်ခတ်မှုအတွင်း လူမမယ်ကလေးငယ်များကြုံတွေ့ခဲ့ရသည့် လောကငရဲ ကိုပြဆိုနေသည်။ ‘စာသင်ခန်းထဲကနံရံမှာ ကလေးတွေရဲ့သွေးတွေ၊   ဘယ် လောက်အထိ လက်နက်ပြင်းသလဲ ကျနော်စဉ်း စားလို့ တောင် မရဘူး’ ဟု စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်ကပြောသည်။ အလယ်တန်းအထိ ပညာသင်ကြားပေးသော လက်ယက်ကုန်းရွာကျောင်းတွင် ကျောင်းသား ၂၄၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်က အငြိုးတကြီးပစ်ခတ်ခဲ့သော မူလတန်းစာသင်ဆောင်နံရံတွင် လက်နက်ကြီး မှန်ထားသည့် အ ပေါက်ကြီး (အုတ်နံရံထုတ်ချင်းပေါက်သည့်အပေါက်) ၇ ပေါက်တွေ့ရသည်။ စာသင်ဆောင်သည် အရှေ့ဘက်သို့ မျက်နှာလှည့်��ားသဖြင့် စစ်ကောင်စီတပ်က လာပစ်သည့်အခါ ကလေးများ က မြောက်ဘက်သို့ ပြေးကြသည်။ မြောက်ဘက်အဆုံးတွင် ကလေးများစုနေသည့်နေရာသို့ လက်နက်ကြီး တည့်တည့်ကျခဲ့ဟန်ရှိပြီး စာသင်ဆောင်အတွင်း မြင်ကွင်းကိုတွေ့ရသည့်အခါ ရင်နင့်မိကြောင်း အဆိုပါနေရာသို့ ရောက် သွားသည့် ဒီပဲယင်းဒေသခံတစ်ဦးကပြောသည်။ ‘သွေးကွက်တွေကတော်တော်များတယ်။ စာအုပ်တွေမှာရှိတယ် ။ သံမံတလင်းပေါ်မှာ တပြင်လုံးသွေးစတွေ အသားစတွေချည်းပဲ’ ဟု အဆိုပါဒေသခံကပြောသည်။ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသော လက်ယက်ကုန်းရွာသည် အနီးဝန်းကျင်ရှိရွာများအနက် အေးချမ်းသည့်ရွာဟု ပြော နိုင်သလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခြင်းလည်း မရှိသည့်ရွာဖြစ်သည်။ အနီးဝန်းကျင် ရွာများ ဖြစ်သော မူးခံတွင်း ၊ ညောင်လှ ၊မဲကုန်း စသည့်ရွာများသို့ စစ်ကောင်စီတပ်မှ ယခင်က စစ်ကြောင်းထိုး ဝင်ရောက် ခြင်းများ ရှိခဲ့သော်လည်း လက်ယက်ကုန်းကိုမူ ဖြတ်သန်းသွားလာခြင်းမျိုးသာရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ ‘တခါမှဝင်တာမရှိဘူး။ ဒီတစ်ခါ အချီကြီးကြီးလုပ်သွားတယ်ထင်တာပဲ ။ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ကလေးတွေ ကျောင်းကို ဝင်ပြီးပစ်သွားတာ’ဟု ဒီပဲယင်းဒေသခံကပြောသည်။ စစ်ကောင်စီတပ်သည် လက်ယက်ကုန်းကျေးရွာသို့  ရဟတ်ယာဉ်လေးစီးဖြင့်လာရောက်ခဲ့ပြီး နှစ်စီးက လူချကာ ကျန်နှစ်စီးဖြင့် စာသင်ကျောင်းကို ရစရာမရှိအောင်ပစ်ခတ်ခဲ့သည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင် တွဲလျက် ရှိသဖြင့် ဘုန်းကြီးကျောင်းပေါ်မှ ဝဲကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် မူလတန်းကလေးများ၏ ကျောင်းဆောင်အမိုးများ လန်ထွက်နေသည့်အပြင် ကျောင်းဆောင်တစ်ခုလုံးမှာလည်း ဟိုကသည်က ကျနေသော ဘိလပ်မြေအမှုန်အခဲများစွာနှင့် ကလေးများ၏ အနီရောင် စာသင်ခုံလေးများသည် ဘိလပ်မြေအမှုန်စများဖုံးကာ အဖြူရောင်ဖြစ်နေခဲ့သည်။ ကျောင်းဆောင်အဝင်ဝရှိ ကွန်ကရစ်တိုင်တစ်ခုပင်လျှင် အလယ်မှ ကျိုးလုနီးပါးဖြစ်နေသည်။ ကျောင်း‌ဆောင်ပတ် ပတ်လည်တွင် လည်း အပေါက်ငယ်များစွာရှိသလို ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရှေးဟောင်း ကျောင်း ဆောင်တစ်ခုဆိုလျှင် အမိုးပါပွင့်၍ ပြိုကျနေသည်။ ‘သူတို့ပစ်တဲ့ဟာက အုတ်နံရံကြီးတစ်ခုကိုထုတ်ချင်း ပေါက်သွားတာ ။ RPG လိုမျိုးမို့ပေါက်တာပေါ့။ အဲ့ထဲကို ပေါက်သွားပြီး‌တော့ ကလေးအုပ်ကြားထဲသွားကျတာမို့ ကလေးတွေကသေရတာ’ ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။ စာသင်ဆောင်၏အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်းဆောင်တွင်လည်း လက်နက်ကြီးမှန်ရာ လေးချက်တွေ့ရသလို ကျောင်းအတွင်းရှိ ဓမ္မာရုံနှင့်ဘုရားခန်းပါမကျန် မွစာကြဲအောင်ရှာဖွေသွားခဲ့သည့် အနေအထားမျိုးတွေ့ရကြောင်း ဒေသခံတို့ကပြောသည်။ စစ်ကောင်စီတပ်သည် ကလေးများရှိရာ စာသင်ဆောင်ကိုပစ်ခတ်ခဲ့သည့်အပြင် ဒေသခံ ၇ ဦးကိုလည်း အကြမ်း ဖက် သတ်ဖြတ်ခဲ့သည်။ ယင်းဒေသခံများတွင် အသက် ၁၆ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေးနှစ်ဦးပါဝင်သည်။ မူလ တန်းကလေးများ၏ စာသင်ဆောင်ကို ပစ်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရသော ကလေးငယ်များကို ရေဉီးသို့ခေါ် ��ောင်သွားခဲ့ပြီး ရေဦးတွင် ကလေး ၇ ဦး ထပ်မံသေဆုံးခဲ့သဖြင့် ကလေးစုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီဟု ဒေသခံ များကဆိုသည်။ လက်ရှိတွင် သေဆုံးခဲ့သည့်ကျောင်းသားများအနက် သုံးဦးကိုသာ မည်သူမည်ဝါဟု အတည်ပြုနိုင်သေးသည်။  ယင်းတို့မှာ အသက် ၇ နှစ်အရွယ် ကလေးနှစ်ဦးနှင့် အသက် ၁၄နှစ်အရွယ် ကလေးတစ်ဦးဖြစ်သည်။ ကျန်ကလေး များကိုမူ အတည်မပြုနိုင်သေးပေ။ စာသင်နေရင်း အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကလေးများ သေဆုံးခဲ့ရသော်လည်း မိဘများမှာမူ ၎င်းတို့ရင်သွေး ငယ်များ၏ ရုပ်အလောင်းကိုသော်မှ ကြည့်ခွင့်မရရှာခဲ့ပါ။ စာသင်ဆောင်အတွင်း ပွဲချင်းပြီးသေဆုံးခဲ့သည့် ကလေး များ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်သားများက ယူဆောင်သွားပြီး ရေဦးသုဿာန်တွင်မီး သင်္ဂြိုဟ်ခဲ့ သည်။ ကလေးများ၏ ရုပ်အလောင်းကိုသေချာသင်္ဂြိုဟ် ပေးထားကြောင်း မိဘများထံဖုန်းဆက် အကြောင်းကြား ခဲ့သည်ဟု ဒေသခံများကဆိုသည်။ ‘မိဘတွေရဲ့ ပူပန်သောကကတော့ ပြောစရာစကားတောင်မရှိပါဘူး ။ သူတို့သားသမီးတွေကို မြင်ချင်ကြမှာပဲလေ၊ ကိုယ့်ကလေး ဘယ်နေရာများ ထိခိုက်သွားတာလဲသိချင်ကြမှာပဲ’ ဟု ဒီပဲယင်းစစ်ရှောင်ကွန် ယက်အဖွဲ့ဝင်တစ်ဦး ကပြောသည်။ လက်ယက်ကုန်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရွာဘုန်းကြီးကျောင်းအတွင်း ခိုအောင်းနေ ထိုင်ကြောင်းသတင်���ရ၍ ရဟတ်ယာဉ်များဖြင့် သွား ရောက် စစ်ဆေးရာတွင် PDF များက ရွာသားများကို လူသားဒိုင်းသဖွယ်ပြုလုပ်ကာ ပြန်လည်ပစ်ခတ်သဖြင့် ဒေသခံအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း ထုတ်ပြန်သည်။ လက်တွေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးများစာသင်နေသည့် ရွာဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ် ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ‘ကျနော်တို့ကခံပြင်းတာပေါ့ဗျာ။ သူတို့ကလည်းလုပ်သွားသေးတယ် ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ် တာဆိုပြီး လျှောက်ပြောနေတာ။ ဝေဟင်က လာပစ်တာကြီးကို ဘယ် PDF ကပြန်ပစ်မှာလဲ။ PDFတွေမှာ လေ ယာဉ် ပစ်လက်နက်မှမရှိတာ’ ဟု စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်ကပြောသည်။ စစ်ကောင်စီတပ်များ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ပြီးနောက် ကျောင်းဆောင်သို့ ဝင်လာချိန်တွင်  အသက်ရှင် ကျန်ရစ် နေသည့်ကလေးများကို ရိုက်နှက်မည့်ဟန်ပြုခဲ့ကြောင်း၊ ထို့ပြင် PDF များ ထုတ်ပေးဟုဆိုကာ ဆရာ ဆရာမများ ကိုခြိမ်းခြောက်ခဲ့ကြောင်း ယင်းက ဆိုသည်။ ‘ ဘယ်သူက ဖိအားပေးမှန်းမသိဘဲနဲ့ ကလေးတွေပဲရှိတဲ့ ကျောင်းကို လာပစ်တာ   လူမဆန်ဘူး ။ မြေပြင်မှာ သူတို့ မတိုက်ရဲဘူး။ ယောကျ်ားဆိုရင် မြေပြင်ကလာကြပေါ့ ။ PDFတွေနဲ့ မြေပြင်မှာတိုက်ပေါ့’ ဟု ဒီပဲယင်း ဒေသခံ လည်းဖြစ်သည့် ၎င်းကပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ပစ်ခတ်ခဲ့သည်ကို PDF များအပေါ်ထိုးချခြင်းဖြစ်ပြီး ယင်းတို့၏ လုပ်ရပ်ကို ကမ္ဘာက သိစေချင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Local Fighter Squad မှ တာဝန်ခံကပြောသည်။ ‘ရဟတ်ယာဉ်နဲ့ပစ်လိုက်တာကိုမှ ကလေးတွေကြားထဲကို လက်နက်ကြီးက ကျသွားတာ။ ဆုံးသွားတဲ့ ကလေး တွေရှိသလို ဒဏ်ရာရတဲ့ကလေးတွေလည်း ��တော်ကိုဆိုးဆိုးဝါးဝါးဖြစ်သွားတာ။ ကျနော်တို့ ဝမ်းနည်းတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလက်တုံ့ပြန်သွားမယ်’ ဟု Local Fighter Squad မှ တာဝန်ခံကပြောသည်။ ဒဏ်ရာရကလေးငယ်များနှင့် ဆရာ ဆရာမနှစ်ဦးကို ရေဦးသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သုံးရက်ကြာ သည်အထိ ပြန်မလွှတ်ပေးသေးသလို မိဘများနှင့်လည်းတွေ့ခွင့်မရသေးပေ။ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုခံခဲ့ရသည့် လက်ယက်ကုန်းရွာသားများကမူ လေယာဉ်သံကြားလျှင် ကြောက်နေကြပြီဖြစ်သလို ရွာသို့လည်း မပြန်ကြ သေးသဖြင့် လက်ယက်ကုန်းသည် ရွာပျက်ကြီးတစ်ခုလိုပင်။ အထူးသဖြင့် ကလေးငယ်များ၏ စာအံသံ၊ ပြေးလွှားဆော့ကစားသံများဖြင့် ဝေစည်ခဲ့ရာ ကျောင်းရှိစာသင်ဆောင် သည် ခြောက်ကပ်တိတ်ဆိတ်လျက်ရှိသည်။ စာသင်ဆောင်အတွင်း ဖရိုဖရဲဖြစ်နေသော စာသင်ခုံများပေါ်မှ  ခဲတံလေးများ ၊ ရေးလက်စ ဗလာစာအုပ်လေးများ ၊လွယ်အိတ်လေးများနှင့် အဆောင်အပေါက်ဝမှ ဖိနပ်လေးများသည် စက်တင်ဘာ ၁၆ ရက်ကအတိုင်းပင် ပုံစံ မပျက်ရှိနေသည်။ သို့သော် ကလေးများကား ကျောင်းသို့မရောက်နိုင်ကြတော့။ ‘ရွာကိုမီးရှို့ခံရတာထက်ဆိုးတယ်။ ရွာရဲ့တကယ့်အသည်းနှလုံးတွေစုထားတဲ့နေရာကိုမှ လုပ်တာ။ အရမ်းမိုက်ရိုင်း လွန်းတယ်’ ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်က မချိတင်ကဲဆိုသည်။ Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
နင်းပြားတို့ရဲ့  ခပ်ပြင်းပြင်း အသက်ရှုသံ
Tumblr media
ရန်ကုန်၊ စက်တင်ဘာ ၁၃။
ပူပြင်းလှတဲ့ရန်ကုန်မြို့ရဲ့နေ့လယ်ခင်းတစ်ခု စားသောက်ကုန်နဲ့ကုန်ခြောက်ပစ္စည်းတွေ အဓိကရောင်းချတဲ့ စျေးအတွင်းမှာ ခါတိုင်းထက်လူတွေ ပိုစည်ကားနေကြပါတယ်။
 စျေးအတွင်း ပုစွန်ခြောက်၊ ငါးခြောက်ရောင်းတဲ့ဆိုင်ရှေ့ကို အသက်၅၀အရွယ် အမျိုးသမီးနှစ်ဦး ရပ်လိုက်ပြီး ခပ်သေးသေးအရွယ် ပုစွန်ခြောက်နဲ့ စျေးသက်သာတဲ့ ငါးခြောက်အမျိုးအစားကို ကိုင်ကြည့်လိုက်တယ်။
 ဆိုင်ရှင်က စျေးနူန်းဘယ်လောက်ဆိုတာ ပြောလိုက်တဲ့အချိန် လက်ထဲမှာကိုင်ထားတဲ့ ငွေကျပ်တစ်သောင်းတန် တစ်ရွက်ကို လှမ်းပေးလိုက်ပြီး" စိတ်ချပြီးယူပါ၊ ခုပဲရွှေဆိုင်က ပေးလာတဲ့ ပိုက်ဆံလေးပါ "လို့ ခပ်ဆတ်ဆတ်နဲ့ ဆိုင်ရှင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
 ဒီအမျိုးသမီး၀တ်ထားတဲ့ အဝတ်အစားဟာ အရောင်ပြယ်စပြုနေတဲ့ ခပ်နွမ်းနွမ်းအင်္ကျီနဲ့ ပါတိတ်ထဘီ ခပ်တိုတို ၀တ်ထားတဲ့ သူ့အပြင်အဆင်နဲ့ ကိုင်ထားတဲ့ တစ်သောင်းတန်ကို ဆိုင်ရှင်ကမယုံမှာစိုးလို့ မမေးခင်က ကြိုတင်​ရှင်းပြလိုက်တဲ့ သဘောပါ။
 "မြေးကလေးအတွက် ခမည်းပေးထားတဲ့ ရွှေစလေးမရောင်းဘူးလုပ်ထားတာ၊ ခုစား၀တ်နေရေးဘယ်လိုမှ အဆင် မပြေလို့သွားရောင်းလာတာ။ စားသောက်ကုန်တွေ ဒီထက် စျေးပိုတက်ရင် မစားနိုင်တော့မှာစိုးလို့" ဆိုပြီး ဆိုင်ရှင် ဘက်ကို ကြည့်ပြီး ပြောပြနေပါတယ်။
 ဒီအမျိုးသမီးကြီးဟာ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေစျေးတွေ ဘယ်လောက်တက်တက် သူစိတ်မဝင်စားဘဲ ၀ယ်ထားတုန်းကထက် စျေးအများကြီးပိုရတဲ့အတွက် ရောင်းပြီး စားသောက်ကုန်တွေ ဝယ်နေတာလို့ သူကပြောပါတယ်။
"ကျမတို့ ဟင်းနဲ့မစားရတာ ကြာပြီ။ ကြက်ဥတောင် တစ်ယောက်တစ်လုံး မစားနိုင်ဘူး။ တိုင်းပြည်က ဘာဖြစ် မယ��မှန်းမသိ၊ တစ်နပ်စာကိုတောင် မနည်းဖြေရှင်းနေရတာ။ ဒီစျေးမှာလာ၀ယ်တာကလည်း လက်ကားစျေးနဲ့ ရတာဆိုတော့ ရပ်ကွက်ထဲကထက် သက်သာတယ်လေ"ဆိုပြီး သူက လက်ကားရောင်းတဲ့ ဆိုင်တွေမှာ လာ၀ယ် ရတဲ့ အခြေနေကို ရှင်းပြနေပါတယ်။
 စစ်အာဏာသိမ်းပြီးတဲ့နောက် ကုန်စျေးနှုန်းတွေ ၃ ဆ ကနေ ၄ ဆ လောက်အထိ မြင့်တက်ခဲ့တာကြောင့် အခြေခံ လူတန်းစားတွေဟာ စား၀တ်နေရေး ခက်ခဲ​နေပြီး တစ်ရက်စာအတွက် မနည်းဖြေရှင်းနေကြရပါတယ်။
 ရွှေစျေး၊ ဒေါ်လာစျေး၊ အိမ်ခြံမြေစျေးတွေ ဘယ်လောက်တက်နေနေ သူတို့အဖို့ စိတ်မဝင်စားအားဘဲ စားသောက် ကုန်စျေးနူန်းတွေ ဆက်မတက်ဖို့နဲ့ လက်ရှိနေနေရတဲ့ အိမ်ခန်းငှားခတွေ စျေးမတက်ဖို့ကိုပဲ ဆုတောင်းနေကြ ရတာပါ။
 စားအုန်းဆီတွေကို ပြင်ပပေါက်စျေးနဲ့ စျေးနှုန်းလျော့ပြီး ရောင်းချပေးနေတဲ့ နေရာတွေမှာ တန်းစီပြီး ၀ယ်ယူနေတဲ့သူတွေ ၂၀၀ နီးပါး ရှိပြီး တန်းစီနေသူတွေရဲ့ တ၀က်လောက်သာ ရတတ်ပါတယ်။
 ဘယ်နေရာမှာ ပေးမယ်ဆိုတာ ကြိုတင်သိထားခြင်းမရှိတာကြောင့် အခြေခံလူတန်းစားအချို့ဆို ရေသန့်ဘူးခွံ အလွတ်ကို သွား​လေရာ ယူဆောင်သွားတတ်ကြပါတယ်။
 တန်ဖိုးနည်းဆီ ရောင်းချပေးမယ့်ကားကြီးက စျေး (သို့မဟုတ်) လူစည်ကားရာနေရာမှာ ရပ်ပြီဆိုရင် စျေးရောင်း နေတဲ့သူတွေဟာ ရောင်းလက်စဆိုင်ကို ထားခဲ့ပြီး ဆီကို တိုး​ဝ���ေ့တန်းစီဝယ်ကြတာပါ။
 "ဒီလိုနေရာမှာသွားကြည့်၊ ကြားဖြတ်လို့ဆိုပြီး ရန်ဖြစ်တဲ့သူတွေ ဒုနဲ့ဒေး၊ မရှက်နိုင်ကြတော့ဘူး၊ ဆီက ပြင်ပ ပေါက်စျေးထက် တစ်၀က်ကွာတာလေ။ အပြင်မှာ၀ယ်စားဖို့ မတတ်နိုင်တော့ဘူး"လို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ညောင်ပင်လေးစျေးလို စား​သောက်ကုန်တွေ လက်ကားရောင်းချပေးတဲ့ စျေးမှာဆိုရင် စားသုံးဆီ ရောင်းချတဲ့ ဆိုင်အချို့က ဆီတွေကို ပြင်ပပေါက်စျေးထက် လျော့​ရောင်းပေးတာမျိုးတွေရှိပါတယ်။ ဒါကြောင့် ဒီစျေးပတ်၀န်းကျင်မှာ ဆီ၀ယ်ဖို့ ​စောင့်ဆိုင်းနေသူတွေ အများအပြား ရှိနေတတ်ပါတယ်။
 "ဆီရောင်းပြီဆိုတာနဲ့ ဘယ်ကရောက်လာတဲ့ သူတွေလဲမသိဘူး၊ တန်းစီနေတာ ပြည့်သွားတာပဲ။ ကျွန်တော်တို့စျေးက အလုပ်သမားတွေတောင် တန်းစီတာမမီဘူး။ တစ်ရက်ကို ၅ ဆိုင်လောက် ပေးကြတယ်။ လူအယောက် ၅၀ စာ ပဲ။ လူတွေကလည်း ဘယ်ဆိုင်ပေးမလဲ စောင့်နေတာ"လို့ ညောင်ပင်လေးစျေးက ကုန်ထမ်းတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
 ရန်ကုန်မြို့အခြေခံလူတန်းစားတွေ နေတဲ့ရပ်ကွက်တွေမှာလည်း လတ်တလော ဖြစ်နေတဲ့ ကုန်စျေးနူန်းကြောင့် ထမင်းနဲ့ ငပိရည်ကျို စားနိုင်ဖို့ပင် မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
 မိသားစု လေးယောက်ရှိတဲ့ နေအိမ်တစ်အိမ်မှာ ထမင်းတစ်နပ်အတွက် ကုန်ကျစားရိတ်ဟာ ငပိရည်ကျို တစ်ခါ ကျိုရင် အနည်းဆုံး ၇၀၀ကျပ်၊ တို့စရာအရွက်ပြုတ် တစ်မျိုးထဲနဲ့စားရင်တောင် ထမင်းတစ်နပ်ကို အနည်းဆုံး နှစ်ထောင်ကျပ်ဝန်းကျင် ကုန်ကျစားရိတ် ရှိနေတာပါ။
 ၂၀၁၄ ခုနှစ်က ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ ၇ သန်းခန့် ရှိနေပြီး ဒီထဲမှာ ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစားတွေ အများအပြား ပါဝင်နေပါတယ်။
 လက်ရှိအခြေနေအရ ဆိုက်ကားနင်းသူတွေကလည်း ဒီကာလမှာ အများဆုံး၀င်ငွေ ခြောက်ထောင်ကျပ်၊ ပန်းရံလုပ်တဲ့ အလုပ်သမားဆိုလည်း တစ်ရက်နေ့စားခ ရှစ်ထောင်ကျပ်၊ စျေးတွေမှာ ကုန်ထမ်းသူတွေဆိုလဲ နယ်ကလူတွေ ကုန်အမှာနည်းလို့ ပစ္စည်းတွေထမ်းမပို့ရလို့ အများဆုံးရတဲ့နေ့ဟာ ရှစ်ထောင်ကျပ်သာ ရှိနေတယ် လို့ ညည်းတွားကြပါတယ်။
 အလုပ်ရှိရာနေရာကိုလာဖို့ လိုင်းကားတစ်ခါစီးရင် အနည်းဆုံး ၃၀၀၊ အချို့ကားတွေက ၄၀၀ ကျပ်နဲ့ နှစ်ဆင့်စီးပါ က လိုင်းကားခအတွက် ကုန်ကျငွေက တစ်ရက်ကို ၁၅၀၀နီးပါး ရှိလို့ မိသားစုအတွက် တစ်ရက်ကို ငါးထောင်ကျပ် ၀န်းကျင်သာ ပြန်ပါသွားတတ်ကြတယ်လို့ ပန်းရံနေ့စားလုပ်သူတွေက ပြောပါတယ်။
"ပန်းရံအလုပ်က နေ့တိုင်းအလုပ်မရှိဘူး။ လိုင်းကားခတွေက စျေးတက်၊ လိုင်းကားမရတဲ့နေ့တွေမှာ အောက်ဆိုက်ကားစီးရင် ဒီထက်ပိုကုန်တယ်။ အောက်ဆိုက်ကားပါမရတဲ့နေ့ဆို တက်စီနဲ့ပြန်တာ ပိုကုန်သေး တယ်” လို့ ဒဂုံဆိပ်ကမ်းမှာ နေထိုင်တဲ့ ပန်းရံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 စားအုန်းဆီ တစ်ပိသာ ၁၅,၀၀၀ကျပ်၊ ဆန်ကြမ်းတစ်ပြည် ၂,၂၀၀ကျပ်၊ ငပိရေကျိုထဲထည့်တဲ့ ငရုတ်သီး အကြမ်း မှုန့်က တစ်ပိသာ နှစ်သောင်းကျပ်၊ ကြက်သွန်နီက တစ်ပိသာ ၄,၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တစ်ပိသာ ၄,၀၀၀ ကျပ်���ဲ့ ကြက်ဥတစ်လုံး ၂၅၀ ကျပ်ဆိုတဲ့ စျေးနူန်းတွေက အခြေခံလူတန်းစားတွေ ဟင်းချက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့ တဲ့ အနေအထားမျိုးနဲ့ ကြုံနေရတာပါ။
 ဒါ့အပြင် အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုး၊ ကလေးမုန့်ဖိုး၊ ကလေးကျောင်းစရိတ် စတာတွေအပြင်၊ နေမကောင်းရင်လည်း ဆေးခန်းမပြနိုင်၊ ဆေးဆိုင်မှာ​ ဆေးဝယ်၊ ဆေးဆိုင်တွေက ပေးလိုက်တဲ့ ဆေးကိုသောက်၊ ဘ၀ကို ဒီလိုပဲ ဖြတ် သန်းနေကြရတာပါ။
 "အိမ်ကအဘွားဆိုရင် နာတာရှည်နှလုံးရောဂါ၊ ကျောက်ကပ်ပါမကောင်းလို့ ဆေးသောက်နေရတာ ခုတော့ သုံးဆ မက စျေးတက်သွားတယ်။ ဆေးကလည်း ပြတ်နဲ့ နေ့တိုင်း မတိုက်နိုင်တော့ဘူး၊ နေ့စဥ်တိုက်ရမယ့် ဆေးကို သုံးရက်မှ တစ်ခါ၊ ရောဂါဆိုးလာမှ တိုက်တာမျိုးထိ လျော့ချနေရတယ်။ စားဖို့ထမင်းတောင် နပ်ကမှန်တာ မဟုတ်ဘူး"လို့ ဒဂုံဆိပ်ကမ်းမှာ နေထိုင်တဲ့ အဝတ်အငှားလျှော်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
 ဒီလပိုင်းအတွင်း ရန်ကုန်မြို့တွင်းမှာ မိသားစုက မကျွေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေဖြတ်နေတဲ့ဖခင်ကို သားသမီးတွေက လာရောက်ပစ်သွားလို့ ပရဟိတအသင်းအချို့က ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာကို ပို့ပေးရ တဲ့ အဖြစ်အပျက်တွေ ခပ်စိပ်စိပ် ဖြစ်လာတာကို တွေ့မြင်နေရပါတယ်။
 စားဝတ်​နေရေး အဆင်မပြေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လသားအရွယ် အမြွာကလေး နှစ်ဦးကို ငွေကျပ် ငါးသောင်းနဲ့ လိုက်လံရောင်းချနေတာကြောင့် ကလေးတွေကို ကူညီပေးနေသူတွေက ခေါ်ယူစောင့်ရှောက်ထားတဲ့ ဖြစ်စဥ်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။
 အခြေခံလူတန်းစား ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာအတွက် ပရဟိတအသင်းတွေနဲ့ စေတနာရှင် အချို့က လှူဒါန်းတဲ့ ထမင်းဟင်း အခမဲ့ဝေပေးနေတဲ့ နေရာတွေမှာလည်း လူစည်ကားနေပါတယ်။
 ဘုန်းကြီးကျောင်းအချို့နဲ့ ကျူးကျော်ရပ်ကွက် နေရာတွေမှာဆိုလဲ တန်းစီစောင့်ဆိုင်းနေတဲ့ လူကအပြည့်ဖြစ် နေတာကို  မြင်တွေ့ရမှာပါ။
 "အရင်အမေစုလက်ထက် ကိုဗစ်တုန်းက အလုပ်မရှိတာတောင် လှူသူများလို့ ထမင်းဟင်း ဝဝလင်လင်စားရသေး၊ ခုငတ်မသေရုံတမယ် စားနေရတာ။ ရပ်ကွက်အတွင်း လာလှူမယ့်သူတွေကိုလည်း အုပ်ကြီးတွေက စည်းကမ်း ထုတ်တာနဲ့ လာမလှူရဲကြဘူး၊ ငတ်နေသူတွေက တစ်ပုံကြီး"လို့ ဆိုက်ကားနှင်းသူ တစ်ဦးက ညည်းတွား ပြောဆို ပါတယ်။
 တစ်ရက်စာစားဖို့တောင် ခက်ခဲနေတဲ့ အောက်ခြေပြည်သူတွေဟာ မိသားစုအတွင်း ကျန်းမာရေးကိစ္စတွေ ဖြစ်လာ ပါက နီးစပ်ရာ လူတွေဆီကနေ အတိုးနူန်း မြင့်မားစွာနဲ့ ချေးငှားနေရပါသေးတယ်။
 အရင်က ငွေတိုးပေးစားနေသူတွေက သူတို့ကိုယ်တိုင် ငွေပိုငွေလျှံမရှိတဲ့ အခြေအနေတွေအပြင် ချေးပြီးရင် ပြန်မဆပ်နိုင်တဲ့ အခြေအနေတွေကြောင့် ငွေတိုးမချေးငှားနိုင်ကြဘူးလို့ အခြေခံလူတန်းစားအချို့ကပြောပါတယ်။
 လက်ရှိအခြေအနေအရ ရန်ကုန်မြို့က အောက်ခြေလူတန်းစားတွေ နေတဲ့ရပ်ကွက်အချို့မှာ အတိုးနဲ့ ငွေချ���းပါက ငွေကျပ် ၁၀၀ကို အတိုးနူန်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ သိရပါတယ်။
 နေ့ပြန်တိုးနဲ့ ငွေကျပ် တစ်သိန်း��ျေးပါက ချေးယူသူတွေဟာ တစ်ရက်ကို ၅,၀၀၀ ကျပ်နဲ့ တစ်လကို အတိုးရော အရင်းပါ တစ်သိန်းခွဲထိ ပေးရတာတွေလည်း ရှိနေပါတယ်။
 "အကြွေးရှင်တွေကို မပေးနိုင်တဲ့တွေဆိုရင် အိမ်ပြန်မအိပ်ရဲဘူး။ နီးစပ်ရာမှာ ဝင်အိပ်ရတယ်။ စျေးရင်းဖို့ တစ်သိန်း နေ့ပြန်တိုးနဲ့ချေးတာ ၁၀ ရက်ပဲ သွင်းနိုင်သေးတယ်။ ရင်းထားတဲ့ ကုန်စိမ်းက အရင်းပြုတ်သွားလို့ ထမင်းတောင် အိမ်မှာမချက်နိုင်ဘူး။ ဘယ်နေရာမှာ လာလှူမလဲ နားစွင့်ထားရတယ်၊ အိမ်က ကလေးအကုန် တန်းစီခိုင်းရတယ်" လို့ လိူင်သာယာမြို့နယ်က ကျူးကျော်တဲတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက လက်ရှိအခြေနေကို ပြောပြပါ တယ်။
 ဒါ့အပြင် ရပ်ကွက်အတွင်း လိုက်လံတောင်းစားနေသူတွေကလည်း ငွေကြေးတောင်းတဲ့အပြင် "ဆန်လေး တစ်ဘူးလောက် သနားကြပါ၊ ငပိဖိုးလေး တစ်ရာကျပ်၊ နှစ်ရာကျပ်လောက် ကူညီကြပါ" ဆိုတဲ့ အသံတွေ နေ့စဥ် ကြားနေကြရပါတယ်။
 "တစ်ရက်ပြီး တစ်ရက် ရပ်ကွက်ထဲမှာ အဆင်မပြေလို့ ညည်းသံတွေပဲ ကြားနေရတယ်၊ အရင်က အ၀တ်လျှော်နေ ကျ အိမ်တွေလဲ ခုခေါ်မလျှော်တော့ဘူး၊ ဆန်ကြမ်းတောင် တစ်ခါချက် သုံးဘူးနဲ့ ၀ယ်စားနေရတာ၊ ဟင်းတို့ အခြား သရေစာမုန့်တို့ ၀ယ်စားဖို့ထက် သူများလှူမှ စားရတဲ့ဘဝ ရောက်နေရပြီ"လို့ ဒလမြို့မှာ နေထိုင်တဲ့ ကျပန်း အလုပ် လုပ်ကိုင်သူ အမျိုးသမီးက စိတ်ပျက်တဲ့ဟန်နဲ့ ပြောပါတယ်။
 ယခုနှစ် အလွန်မှာလည်း မြန်မာပြည်မှာ အစားအစာ၊ စက်သုံးဆီနဲ့ အခြားသွင်းကုန်တွေဟာ ကာလတိုကနေ အတန်ကြာအောင် ဆက်လက် ဈေးတက်နေဦးမှာဖြစ်ပြီး ယင်းကုန်စည်တွေကို ထုတ်လုပ်မှုနဲ့ စားသုံးမှုနှစ်ပိုင်းလုံး ကျဆင်းနေကြဦးမယ်လို့ လွန်ခဲ့သည့်နှစ်လက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Myanmar Economic Monitor July 2022: Reforms Reversed အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 ဒီအတိုင်းသာဆိုရင်တော့ နင်းပြားတွေရဲ့ အသက်ရှုသံတွေဟာ ဆက်လက်ပြင်းထန်နေဦးမယ့်သဘောပါပဲ။
 ပုံစာ - ရန်ကုန်မြို့တစ်နေရာတွင် ခွဲတန်းဖြင့်ရောင်းပေးသည့် ဆီကိုဝယ်ယူရန်တန်းစီနေကြသူများအားတွေ့ရစဉ်
Burma Associated Press
1 note · View note
burmaassociatedpress · 3 years ago
Text
အာဏာရှင်၏အလွဲနှင့် တောင့်ခံရမည့် တော်လှန်ရေး
Tumblr media
ယူကရိန်းစစ်မြေပြင်တွင် ပူတင်၏တပ်များ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရမှုတွေများလာသည်။ တစ်ဆက်တည်း၌ မြို့တချို့နှင့် အရေးပါသော နေရာတချို့ကို ယူကရိန်းတပ်များကပြန်လည် သိမ်းပိုက်နေသော သတင်းများ လည်းကြားရသည်။ မူလက တွက်ဆထားသလို ရုရှားတို့အနေနှင့် တဖက်သတ်အနိုင်တိုက်ပွဲမဟုတ်ဘဲ ဘုံလုံတလှည့် ငါးပျံတစ် လှည့်ဖြစ်လာသည်။ ထိုအတွက်တစ်ဖက်မှာ ဂယက်ရိုက်သည်က တိုင်းပြည်၏စီးပွားရေးပင်ဖြစ်သည်။ စစ်ပွဲတစ်ပွဲဆင်နွှဲရန် လူသူလက်နက်အင်အားသာမက ငွေကြေးကလည်း အဓိကအရေးပါသော နေရာတွင်ရှိနေ သည်က အမှန်တရားဖြစ်၏။ အလားတူ တွက်ရေးသာစက်သူဌေး ဖြစ်သော်လည်း  လက်တွေ့အဖြစ်မှန်က တွက်ဆထားသည်နှင့် ပြောင်းပြန်အချိုးကျနေရာ အချိန်ကြာလာသည်နှင့်အမျှ ပူတင်အတွက် ဘေးကျပ်နံကျပ်ပိုဖြစ်လာနိုင်ပေသည်။   စစ်ပွဲတစ်ပွဲအတွက် လူသူ လက်နက်အင်အားတစ်ခုတည်းနှင့် အခြေခံထား၍ မရသည်ကသေချာ၏။ အထူးသဖြင့် ၂၁ရာစု နည်းပညာခေတ်တွင် လူသူအင်အားမည်မျှကြီးမားပါစေ နည်းပညာ၏ အဆုံးအဖြတ်က ရှေ့တန်းပို ရောက်လာသည်။ လက်နက်များတွင်တပ်ဆင်ထားသော နည်းပညာများ၏ ခေတ်မီမှုနှင့် ထိရောက်နိုင်စွမ်းက အခရာ ကျလာသည်။ ထိုအပြင် ထည့်တွက်စရာရှိသည်က ငွေကြေးကဏ္ဍဖြစ် သည်။ စစ်ပွဲကို အချိန်မည်မျှထိ တောင့် ခံထားနိုင်မည်လဲဆိုသည်က တိုင်းပြည်၏စီးပွားရေးနှင့် တိုက်ရိုက်အ ချိုးကျနေသည်။ ရုရှား၏ ထုတ်ကုန်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝတွင်းထွက်များအပေါ်မှီခိုနေရရာ ကြာလေ အခက်အခဲပိုကြီးမားလေဖြစ်လာရန် အလားအလာ များနေပေသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရန်ဆိုလျင် သယ်ယူပို့ဆောင်စရိတ်အရ ဆင်ဖိုးထက်ချွန်းဖိုးကြီးသလိုရှိမည်ဖြစ်သောကြောင့် နိုင်ငံတချို့က စိတ်ဝင်စားနိုင်သည့်တိုင် အမှန်တကယ်ဝယ်ယူဖို့ရာ၌ အခက်အခဲရှိလိမ့်မည်။ သို့ရာ၌ ဤနေရာတွင်လည်း အ ခြေအနေကလွယ်ကူသည်တော့မဟုတ်။   ရုရှား၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၌ အရေးပါသောနေရာများ၌ သုံးသည့် နည်းပညာမြင့် ပစ္စည်း များအားလုံးသည် အနောက်နိုင်ငံများဆီက ဝယ်ယူရခြင်းဖြစ်ရာ အပြန်အလှန်စီးပွားပိတ်ဆို့မှုတို့ကြား ရေရှည်တွင် အပိုပစ္စည်းရရှိရန်  မသေချာသည့်အခြေအနေမှာ ရှိနေ သည်။ လက်ရှိမှာပင် ထိုအပိုပစ္စည်းကိစ္စများအတွက် ခေါင်းခဲနေရခြင်းများရှိနေပြီ။ ယခုအခါ သူတော်ချင်း သတင်းလွှေ့လွှေ့  ဇာတ်ခင်းကြပြီဟုဆိုရမည်။ ငွေမာလိုနေသည့်ရုရှားနှင့် ငွေမာမှန်သမျှ လက်နက်ဖိုးငွေချေရန် အရေးတကြီးလိုအပ်နေသည့်စစ်ကောင်စီတို့ ကြား စက်သုံးဆီဝယ်ယူရေး စာချုပ်ချုပ်ကြ သည်။ မည်သို့ဆိုစေ နှစ်ဖက်စလုံးက ကုန်သွယ်စီးပွားအရာ၌ ကြီးမားသော အခက်အခဲများ ကိုယ်စီကြုံနေရရာ ယခု စာချုပ်က မည်မျှ ခရီးပေါက်မည်လဲ ဘာမျှမသေချာ။ သေချာသည်က  နဂိုက ယိုင်နဲ့နေသော တိုင်းပြည်၏ စီး ပွားရေးက အောက်တစ်ဆင့်ရောက်ဦးမည့်သဘောဖြစ် သည်။ ထိုဒဏ်ကို ပြည်သူများ လှိမ့်ခံရဦးမည်ဖြစ်၏။ ချုပ်၍ဆိုရလျင် စစ်ကောင်စီ၏ ထိုလုပ်ကိုင်မှုများက သူတို့၏စီမံခန့်ခွဲမှုဟူသည် ဦးနှောက်မပါသော လုပ်ကိုင် ဆောင်ရွက်မှုများဟုဆိုလျင်လည်းမမှား။ မိမိအာဏာ တည်မြဲရေးအတွက် သွေးရူးသွေးတန်း ဆောင်ရွက်မှုများ ထက် ဘာမျှမပိုကြောင်း ပြဆိုနေခြင်းလည်းမည်ပါ သည်။ ထိုသို့သောအမျှော်အမြင်မဲ့ လုပ်ကိုင်မှုများက ရှေဆက်၍ လည်းပိုဆိုးလာနိုင်ပါသည်။ ထိုအခြေအနေကို ပြည်သူ များအနေနှင့် အပြန်အလှန်ဖေးမကြရင်း လက်ရှိ အကျပ် အတည်းများကို ကျော်လွှားလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် အပြီးသတ် အနိုင်ယူနိုင်ကြချိန်ထိ၊ နွေဦး တော်လှန်ရေး ပြီးဆုံးသည်ထိ တောင့်ခံရင်း အံတုရမည်သာဖြစ်ပါသည်။
Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
အချိန်ကာလ အဆုံးအဖြတ်
Tumblr media
တော်လှန်ရေး၏ အဆုံးအဖြတ်ကို လာမယ့် တစ်နှစ်အတွင်း ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ခုခံတော်လှန်��စ် ကြေညာခြင်း တစ်နှစ် ပြည့် မိန့်ခွန်းတွင် အတိအလင်းပြောကြားခဲ့သည်။ ပြီးခဲ့သောတော်လှန်ရေးကာလ တစ်နှစ်အတွင်း လိုအပ်သောရေခံမြေခံများကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ Chain of Command တည်ဆောက်မှုကို ကွက်ပြည့်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လက်ရှိကာလကို တန် ပြန်ထိုးစစ် အကြို ကာလအဖြစ် မှတ်ယူနိုင်ကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(EROs)များ ရှေ့ဆောင်ပါဝင်နေခြင်းကြောင့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်လာခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်က တစ် နှစ်တာကာလ အခြေအနေများကို ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ၁၈ လတာကာလအတွင်း စစ်ကောင်စီ နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ရှိပြီး ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းသောတိုက်ပွဲများသည် စစ် ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)များအကြားဖြစ်ကြောင်းနှင့် တိုက်ပွဲအများစုသည် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ISP-Myanmar က ထုတ်ပြန်ထား သည်။ ထို့ကြောင့် တိုက်ပွဲအများစုကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဦးဆောင်နေကြောင်း ရှုမြင် နိုင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော ပြည်သူ့ကာကွယ်ရေး တပ်သား(PDF) ၆၀,၀၀၀ နှင့် ၇၀,၀၀၀ ကြားရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းပေါင်း ၃၃၀ ရှိကြောင်းသိရပြီး ကာကွယ်ရေးဝန်ကြီးလက် အောက်တွင် မရှိသော အခြားပြည်သူ့ကာကွယ်ရေး အင်အားစုများ သည် ပြည်သူ့ကာကွယ်‌ရေးတပ်သား (PDF)များထက် ၂ ဆ များပြားကြောင်း သိရသည်။ လက်နက်တပ်ဆင်ပေးရန် တောင်းဆိုနေသော တပ်သားများကို ဝန်ကြီးဌာနအနေဖြင့် လုံလောက်သော လက်နက် တပ်ဆင်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် လက်နက်တပ်ဆင်နိုင်စွမ်း အကန့်အသတ်ဖြစ်နေခြင်းသည် စိန်ခေါ်မှု ဖြစ်နေပြီး အားနည်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မိန့်ခွန်းတွင် ဝန်ခံခဲ့သည်။ ယင်းအတွက် ကြိုး ပမ်းမည်ဟုလည်း ဆိုသည်။ ပြည်သူ့ခုခံကာကွယ်စစ် အသုံးစရိတ်လိုငွေအဖြစ် လာမည့်လေးလအတွင်း ကန်ဒေါ်လာ သန်း ၁၀၀ လိုအပ်ပြီး လာမည့်နှစ်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ နှင့် ၃၀၀ အကြားလိုအပ်မည်ကြောင်း  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မြန်မာနောင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်ရေးနှင့် အာဏာ ရှင်စနစ်အမြစ်ပြတ်ရေးအတွက် ကြိုးပမ်းရာတွင် နိုင်ငံ ရေး နည်းနာဖြင့် ဖြေရှင်းရန် မဖြစ်နိုင်တော့ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်သူ့ခုခံ‌တွန်းလှန်စစ်ကို စစ်ရေးနည်းနာအ ဖြစ် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ဖြင့် တစ်နှစ်တာကာလ စစ်ရေးနည်းနာ ကျင့်သုံးခြင်းအပါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ် ဝန်ကြီးဌာနသည် ဝေဖန်မှုများစွာနှင့် အားမလိုအားမရ ဖြစ်ခြင်းခံရမှုများကို များစွာကြုံခဲ့ရသည်။ ယင်းတွင် အထင်ရှားဆုံးကိစ္စမှာ စစ်ရေးအင်အားစုများကို စု��ည်းအုပ်ချုပ်နိုင်မှု အားနည်းခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်များ အင်တိုက်အားတိုက်ပူးပေါင်းလာစေရန် စည်းရုံနိုင်မှု အားနည်းခြင်းနှင့် လက်နက်တပ်ဆင်ပေးနိုင်ခြင်း ကိစ္စ များဖြစ်သည်။ ယင်းအကြောင်းအရာများအနက် လက်နက်တပ်ဆင်ပေးနိုင်ခြင်း အားနည်းနေမှုအပေါ် ထုတ်ဖော်ဝန်ခံလာခြင်းကို လက်ခံကြိုဆိုရမည်ဖြစ်သည်။ ထို့နောက် ယင်းအား နည်းချက်ကို ဖြေရှင်းနိုင်မည့် နည်းနာများကို ကြံဆကြရမည် ဖြစ်သည်။ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နိုင်ငံတကာအသိုင်းအဝန်းကို လက်နက်တပ်ဆင်ပေး ရန် ထုတ်ဖော်တောင်းဆိုသည်များ ရှိခဲ့သည်။ ထိုသို့တောင်းဆိုခြင်းများသည် လျောကန်သောစီမံမှု ဟုတ်မဟုတ် ပြန်လည်သုံးသပ်သင့်သည်။ ‌တော်လှန်ရေးရန်ပုံငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေနေခြင်းများအပေါ် လိုအပ်သာစစ်ရေးစရိတ်ပြည့်မီနိုင်ချေ ရှိမရှိ လေ့လာသုံးသပ်သင့်သည်။ အာဏာရှင်စစ် တပ်အား နှစ်ပေါင်းများစွာ တော်လှန်ခဲ့သော တိုင်း ရင်းသား လက် နက်ကိုင်အင်အားစုများဖြင့် နိုင်ငံရေးအရ၊ စစ်ရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်၍ စုပေါင်းခုခံတွန်းလှန် နိုင်ရန် စဉ်းစားသင့်သည်။ ယင်းအတွက် လုံလောက်သော ကတိကဝတ်နှင့် လုံလောက်သော ယုံ ကြည်မှုတည် ဆောက်ထားနိုင်ရန် လိုအပ်လိမ့်မည်။ မည်သို့ပင်ဆို‌‌စေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ပြည်သူ့ကာကွယ်ရေး တပ်သားများကို လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းမည်ဆိုခြင်းနှင့် လာမည့်နှစ်အား တော်လှန်ရေး၏ အဆုံးအ ဖြတ်ကိုရယူရန် ဆုံးဖြတ်ထားသည် ဆိုခြင်းတို့အပေါ်  စိတ်ကူးနှင့်လက်တွေ့ ထပ်တူဖြစ်မဖြစ်၊ ထပ်တူကျမကျ သိသာမြင်သာနိုင်ရန် အဆုံးအဖြတ်ပေးမည်မှာ အချိန်ကာလပင်ဖြစ်လိမ့်မည်။
Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ဆက်လက်မြင့်တက်ရန်ရှိသော အထွေထွေအကြပ်အတည်းများနှင့်ကခုန်ခြင်း
Tumblr media
BAP၊ စက်တင်ဘာ ၁၂။
 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အာဏာသိမ်းပြီးနောက်တွင်မြန်မာကျပ်ငွေတန်ဖိုးသည် တရိပ်ရိပ်ကျဆင်းလာလျက်ရှိရာမှ နှစ်ပတ်အတွင်း တစ်ဒေါ်လာ ၄၅၀၀ ခန့်ပေါက်ဈေးရှိခဲ့ပြီးနောက် လက်ရှိတွင် ၃၅၀၀ ကျပ်ဝန်းကျင်ရှိသည်။ မြန်မာကျပ်ငွေကိုလက်ထဲမထားတော့ရန်နှင့် ရွှေ သို့မဟုတ် ဒေါ်လာဝယ်ထားကြရန်သည် ပိုင်ဆိုင်မှုရှိသည့်လူလတ်တန်းစားများအချင်းချင်းကြား အပြောများသည့်ကိစ္စရပ်ဖြစ်လာသည်။
 မြန်မာနိုင်ငံအတွင်းရှိပြည်သူများသည် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းအများစုရပ်ဆိုင်းသွားခဲ့ပြီး အလုပ်လက်မဲ့ဦးရေများပြားနေချိန်တွင် ကုန်ဈေးနှုန်းအလွန်အမင်းတက်ခြင်းနှင့် ငွေကြေးတန်ဖိုးကျဆင်းခြင်းကို ခံစားရမှုအရှိန်အမြင့်ဆုံးကာလကို  ရင်ဆိုင်နေကြရသည်။ ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအားတက်ပြီး ရောင်းသူမရှိသလောက်ဖြစ်သည့်အခြေအနေကိုကြုံနေရပြီး မြန်မာငွေကျပ်တန်ဖိုးအလွန်အမင်းကျဆင်းနေလျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ဈေးကွက်အတွင်းရှိထုတ်ကုန်များအားလုံးနီးပါး ထပ်မံဈေးတက်ကြပြန်သည်။
 ယခုတစ်ခေါက်ဈေးတက်ခြင်းတွင် ပြည်သူအများစု၏စားဝတ်နေရေးကို သိသာထင်ရှားစွာ အပြောင်းအလဲဖြစ်စေသည်။ လက်ရှိတွင် ပဲဆီတစ်ပိသာ ၁၄,၀၀၀ ကျပ်ဝန်းကျင်ခန့်ရှိပြီး နှမ်းဆီတစ်ပိသာ ၁၂,၀၀၀ ကျပ်ဝန်းကျင်ခန့်သို့ရောက်လာပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းထွက်သည့် ပဲအမျိုးမျိုးဈေးနှုန်းများလည်း ဆက်တိုက်တက်လျက်ရှိသည်။ ထိုဈေးတက်သည့်ပဲသီးနှံများတွင် စားသုံးဆီထုတ်သည့် မြေပဲ နှင့် နှမ်းဈေးနှုန်းသည်အထင်ရှားဆုံးဖြစ်သည်။  
 လက်ရှိ၎င်းတို့ရောင်းနေသောပဲများသည် ရှိထားပြီးသားလှောင်ထားသည့်ပဲများဖြစ်ပြီး အသစ်ထွက်နှုန်းနည်းသောကြောင့် ပဲဝယ်လို့မရကြောင်း ပဲပွဲရုံလုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်နုနုကပြောသည်။
 ၎င်းတို့သည် ပဲမျိုးစုံလက်ကားဒိုင်အနေနဲ့သာမက လက်လီလည်းရောင်းချသည်ဖြစ်သောကြောင့် “ တစ်ရက်တည်းကို ၃၀၀ လောက်တက်သွားတာ၊ တရိပ်ရိပ်နဲ့တက်နေတာ “ ဟု တစ်ပတ်ကျော်ခန့်အတွင်း ၇၀၀ ခန့်ဈေးတက်သွားသည့် ပဲလွန်းအညိုတစ်ပိသာ၏လက်လီဈေးအကြောင်းကိုပြောပြသည်။
 ထိုပဲအမျိုးအစားသည် ၎င်းတို့ဆိုင်တွင် ဈေးအသက်သာဆုံးဖြစ်သည်။ ထိုမြို့အနီးတစ်ဝိုက်တွင် ၎င်းတို့ဆိုင်သည် ပဲအမျိုးမျိုးလက်လီရောင်းချသည့်ဆိုင်များအနက် ဈေးအမှန်ဆုံးနှင့်အသက်သာဆုံးများမှတစ်ခုဖြစ်သည်။ ပဲဝယ်၍မရသောကြောင့်ဈေးတက်ရသည်ဟုဆိုင်ရှင်ဖြစ်သူ ဒေါ်နုနုကဆိုသည်။  
 စစ်အာဏာသိမ်းပြီးနောက် ယခင်နှစ်ဖေဖော်ဝါရီမှစ၍ ယခုအချိန်ထိကုန်ဈေးနှုန်းများ တဖြည်းဖြည်းတက်လာလျက်ရှိရာ အာဏာမသိမ်းမီက ပဲဆီတစ်ပိသာ ၃၀၀၀ ကျပ်ဝန်းကျင်ခန့်ရှိရာမှ လက်ရှိတွင် ၁၄,၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ ထို့အပြင် ယခုကာလကုန်စည်ဈေးနှုန်းများတက်ခြင်းသည် ခုန်တက်သည့်ဈေးနှုန်းအမြင့်ဆုံးနှင့် အမြန်ဆုံးကာလဖြစ်သည်။ ယခုလအစောပိုင်းကတည်းက ကုန်ပစ္စည်းများအားလုံး ပျမ်းမျှအားဖြင့် အနည်းဆုံးသုံးပုံတစ်ပုံမှ နှစ်ဆခန့်သို့ထိုးတက်သွားကိုပြည်သူများရင်ဆိုင်နေကြရသည်။
 “ အခုတလော ဒါလေးအဝယ်များတယ်။ ဧရာမင်းပဲ “ ဟု ဆန်ဆိုင်ပိုင်ရှင်ညွှန်ပြသည့်ဆန်များသည် ကောက်ညှင်းဆန်နှင့်ပင် တူနေသေးသည်။
 တစ်ပြည် ၃၀၀၀ ကျပ်ဝန်းကျင်သို့ဈေးတက်သွားပြီဖြစ်သည့် ဧရာမင်းဆန်၏ သိပ်မကောင်းသည့်အပိုင်းများကို သီးသန့်ဖယ်ထုတ်ထားကာတစ်ပြည် ၁၅၀၀ ကျပ်ဖြင့်ရောင်းချခြင်းဖြစ်သည်။ ဧရာမင်းအမျိုးအစား ဖြစ်သောကြောင့် ချောသည့်အပြင် အေးသွားလျှင်လည်းမကြမ်းကြောင်း ဆိုင်ရှင်ကရှင်းပြသည်။ ၎င်းတိ��့ဆိုင်တွင် ထိုဆန်သည် ဈေးအနည်းဆုံးဖြစ်သည်။
 လွန်ခဲ့သည့် တစ်လကျော်ခန့်ကပင် ၎င်းတို့ရောင်းသည့်ဆန်များတွင် ဈေးအသက်သာဆုံးမှာ တစ်ပြည် ၁၄၀၀၊ ၁၅၀၀၊ ၁၆၀၀ တန်များ ဖြစ်ပြီး ၎င်းတို့သည်လက်ရှိတွင် ၂၀၀၀ ကျပ်နှင့် အထက်သို့တက်သွားပြီဖြစ်သည်။ ဆန်နှင့် ဆန်ကွဲရောထားသည့်ဆန်ပင် တစ်ပြည် ၁၆၀၀ ကျပ်သို့တက်လာသည်။ ဆန်ဈေးများတက်သောကြောင့် ရောင်းချသူများအနေဖြင့်မမြတ်သည့်အပြင်ရှုံးပင်ရှုံးကြောင်း ဆန်ဆိုင်ရှင်ကဆိုသည်။
 “ အရင်ဈေးနဲ့ပဲရောင်းပြီး ပြန်ဝယ်တော့ ဈေးတက်တာကိုဝယ်ရတာ၊ ရှုံးတာပေါ့ “ ဟု ပြောနေစဉ် ဈေးဝယ်ယူသူများနှင့်ပြောဆိုဆက်ဆံနေစဉ်တွင်ရှိတတ်သည့် ၎င်းမျက်နှာပေါ်မှ အပြုံးရုတ်တရက် ပျောက်သွားသည်။ နောက်ထပ်ဆန်ဆိုင်မှရောင်းချသူကလည်း လက်ရှိဈေးတက်နေသည့် ဆန်များကို ဝယ်ယူရသည့်အခါ ဈေးတက်သောကြောင့် လိုက်တက်ရသည်ဟုဆိုသည်။
 ဘင်္ဂလားဒေ့ရှ်သည် မြန်မာထံမှ ဆန်တန်ချိန် နှစ်သိန်း ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်ကောင်စီတို့စာချုပ်ချုပ်ဆိုထားသည်ဟု စက်တင်ဘာ၄ ထုတ် Reuters သတင်းတွင်ဖော်ပြထားသည်။ အာမခံကြေးနှင့်ပို့ဆောင်စရိတ်အပါအဝင် ဆန်တစ်တန်လျှင် ၄၆၅.၅ ဒေါ်လာနှင့်အရောင်းအဝယ် လုပ်ရန်နှစ်ဖက်သဘောတူထားသည်။ မကြာခင်စာချုပ်ချုပ်ဆိုပြီး နှစ်လအတွင်းပို့မည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်းယင်းသတင်းတွင် ဖော်ပြထားသည်။  Reuters သတင်းအရ အရောင်းအဝယ်ကို နှစ်နိုင်ငံအစိုးရချင်းအရောင်းအဝယ်သဘောတူမှုဟု သက်ဆိုင်ရာ တာဝန်ရှိသူများက သုံးနှုန်းသွားသည်ကိုတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း ရာသီဥတုကပ်ဘေးကြောင့် ၎င်းတို့စပါးများပျက်စီးကုန်သည်ဖြစ်ရာ ပြည်တွင်းဆန်လိုအပ်ချက်ကြောင့် ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း စပါးဝယ်ယူရန်ရှိသည်။
 ယခုနှစ်မြန်မာနိုင်ငံ၏ဆန်စပါးအဓိကထွက်သည့် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းစသည်တို့တွင် စပါးစိုက်ပျိုးရသည့်ကာလအတွင်း စစ်ဘေးဒဏ်ကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဖြစ်ရာ တောင်သူအများစု ယခင်နှစ်များကဲ့သို့ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပေ။ ယခုကာလတွင် လယ်ယာလုပ်ငန်းလုပ်နိုင်သည်မှာ ပျူစောထီးများအားကောင်းသည့်ရွာများနှင့် ၎င်းတို့ခွင့်ပြုသောလယ်များသာ ဖြစ်သည်ဟု စစ်ကိုင်းတိုင်းရှိ ဒေသခံအချို့ကဆိုကြသည်။ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက် စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပေးရသူပေါင်း တစ်သန်းနီးပါး ( ၉၇၀,၀၀၀) ခန့်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံးမှထုတ်ပြန်ထားသည်။
  ယခုနှစ် အလွန်တွင် မြန်မာပြည်တွင်း အစားအစာ၊ စက်သုံးဆီ၊ နှင့် အခြားသွင်းကုန်များသည် ကာလတိုမှ အတန်ကြာအောင် ဆက်လက် ဈေးတက်နေဦးမည်ဖြစ်ပြီး ယင်းကုန်စည်များကို ထုတ်လုပ်မှုနှင့် စားသုံးမှုနှစ်ပိုင်းလုံး ကျဆင်းနေကြဦးမည်ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ်လက ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် Myanmar Economic Monitor July 2022: Reforms Reversed ဟုအမည်ပေးထားသည့်အစီရင်ခံစာတွင်ဖော်ပြထားသည်။
  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစားအစာကုန်စည်ဈေးနှုန်းများတက်ခြင်းနှင့် လယ်ယာလုပ်ငန်း ထုတ်လုပ်မှုကျဆင်းခြင်းများသည် ထိုကုန်စည်များဝယ်ယူရန် မြန်မာ့နိုင်ငံမှလူဦးရေအများအပြားအတွက် မတတ်နိုင်တော့ခြင်းဖြစ်လာမည်ဖြစ်သောကြောင့် အစားအစာပြတ်လပ်မှု ဆင်းရဲကိုပိုမို နက်ရှိုင်းစေမှာဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်ထုတ်ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ထုတ်ပြန်ထားသည်။
 ဓါတ်မြေဩဇာနှင့် အခြားလယ်ယာလုပ်ငန်းသုံးသွင်းကုန်များမှာ ဝယ်ယူရခက်သဖြင့်ဈေးနှုန်းကြီးမြင့်မှု ဖြစ်နေခြင်း၊ စက်သုံးဆီအခက်အခဲနှင့် ပဋိပက္ခကြောင့် ကုန်စည်ပို့ဆောင်မှုကို ပိုမိုခက်ခဲခြင်းများ ဖြစ်ပွားလျက်ရှိခြင်းနှင့်တစ်ချိန်တည်းတွင် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းလည်းဖြစ်ပွားနေသည်။ ထို့ကြောင့် ဤအခြေအနေများဖြစ်ပွားနေသည့် လာမည့် စပါးစိုက်ချိန်နှင့်ရိတ်သိမ်းချိန်ကြားတွင် အစားအစာရရှိနိုင်မှုနှင့်ပတ်သက်ပြီး ပိုမိုဆိုးရွားနိုင်သည်ဟုခန့်မှန်းရကြောင်း ကုလသမဂ္ဂ၏ ထိုသတင်းလွှာတွင် ဆက်လက်ဖော်ပြထားသည်။
 နိုင်ငံတွင်းထုတ်ဟင်းသီးဟင်းရွက်နှင့်သား/ငါးများသည်လည်း ဈေးတက်သောကြောင့် ဈေးသည်များ မပျော်နိုင်ပေ။ လက်ကားတွင်ဈေးတက်သောကြောင့် လက်လီဈေးတွင်ပါလိုက်တက်ရပြီး ထိုသို့အထွေထွေကုန်ဈေးနှုန်းတက်မှုကြောင့် အရှုံးမပေါ်ရုန်းကန်နေကြရကြောင်း ကုန်စိမ်းသည်များကဆိုသည်။ “ ဒီပလက်စတစ်အိတ်ကိုကြည့်တစ်ထောင်ဖြစ်သွားပြီ။ တချို့က ဒီဟာတစ်ရာဖိုးလည်း ပလက်စတစ်အိတ်နဲ့ ဟိုဟာတစ်ရာဖိုးလည်း ပလက်စတစ်အိတ်နဲ့၊ ပလက်စတစ်အိတ်တွေဘာလုပ်ဖို့လဲမသိဘူး “ ဟု လက်လီကုန်စိမ်းသည်များ အမြဲသုံးရသည့် ပလက်စတစ်အိတ်ဈေးတက်ခြင်းကြောင့် ချွေတာလိုသော်လည်း ၎င်းဆန္ဒမပြည့်သည့်အခိုက်အတန့်ကို ဘေးနားရှိ ပလက်စတစ်ကျွတ်ကျွတ်အိတ် အသေးပါကင်ထုတ်ကို မြှောက်ကာပြောပြသည်။
  ခရမ်းချဉ်သီးတစ်ပိသာ ၄၀၀၀ ခန့်နှင့် ကြက်သွန်နီတစ်ပိသာ ၃၅၀၀ ခန့်သို့တက်နေသော်လည်း အမြတ်ပိုရဖို့ရန်မရှိဘဲ ဝယ်သူများ၏ညည်းညူမှုကိုရင်ဆိုင်ရရန်သာရှိသောကြောင့် ကုန်စိမ်းသည်များလည်း မပျော်နိုင်ပေ။
  ဤသို့အထွေထွေကုန်စည်ဈေးနှုန်းများတက်ခြင်းသည် ပြည်သူများမှတဆင့် စစ်ကောင်စီ၏အုပ်ချုပ်မှုကို လက်နက်ကိုင်တော်လှန်နေသော တော်လှန်ရေးအင်အားစုများသို့လည်းရိုက်ခတ်မှုရှိသည်။ ပြည်သူများ၏ အလှူငွေဖြင့် လည်ပတ်နေကြသည့် တော်လှန်ရေးအင်အားစုများထံသို့လည်း ကုန်ဈေးနှုန်းတက်ခြင်းသည် တစ်စတစ်စထိုးနှက်နေသည်။
 ပြည်သူများ၏အခြေခံကုန်ဈေးနှုန်းများတက်သောကြောင့် ယခုကာလတွင် အလှုုငွေလက်ခံရရှိမှု လျော့နည်းလာကြောင်း စစ်က��ုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ တည်ထောင်သူခေါင်းဆောင်တစ်ဦးကဆိုသည်။
 “ ရိက္ခာပိုင်းနှင့်ပတ်သက်လို့ကတော့ လူဦးရေလည်းများတော့ ချုံ့ရတာပေါ့၊ ချုံ့လို့မရတာကတော့စက်သုံးဆီပေါ့၊ သွားရလာရတော့ စက်သုံးဆီမသုံးဘဲလည်းမရဘူး “ ဟုပြောသည်။
 “ စကစကိုပြုတ်အောင်တိုက်မယ်၊ ပြုတ်အောင်တိုက်ရင် ဒါကြီးပြေလည်သွားမယ်” ဟု၎င်းကဆက်ပြောသည်။
 လက်ရှိအထိတက်နေသည့်ကုန်ဈေးနှုန်းသည် ဤမျှနှင့်ရပ်သွားမည်မဟုတ်ဘဲ ပိုတက်လာပြီး ပိုဆိုးဖို့ရှိကာ အဆင်ပြေဖို့ခက်ခဲနိုင်မည်ဟု ထိုဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကသုံးသပ်သည်။
 မြို့နယ်ထဲမှအခြားအဖွဲ့များနှင့်ပေါင်းလုပ်လျှင် ဤအခြေအနေမှနည်းနည်းပြေလည်နိုင်သော်လည်း စစ်ကောင်စီပြုတ်ခြင်းကသာ အဖြေဖြစ်သည်ဟု၎င်းကဆိုသည်။
 “ ဒီ့ထက်ဆိုးလာမယ့်အနေအထားတွေ တွေ့ထားတယ်၊ တတ်နိုင်တဲ့ ကူညီထောက်ပံ့မှုရရင်တော့မဆိုးဘူး။ အခုချိန်မှာပြည်သူတွေလည်းအခက်အခဲရှိတော့ အလုပ်လည်းပိုလုပ်ရတယ်၊ ဒါပဲပေါ့ “ ဟု၎င်းကဆက်ပြောသည်။
 တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီကိုတော်လှန်ရန် အနည်းနှင့်အများ မိသားစုနှင့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ထားကြရသည်ဖြစ်သည်။ ပြည်သူများသည်လည်း ၎င်းတို့၏လွတ်လပ်မှုနှင့် ဘဝအခွင့်အရေးများကို ရင်းထားကြရသည်ဖြစ်သည်။
 ထိုသို့ရင်းထားကြရသည်ဖြစ်သောကြောင့်လည်း အနည်းငယ်ပြေလည်သည့်နည်းလမ်းမဟုတ်ဘဲ ပြဿနာ၏အဓိကအကြောင်းအရင်းဖြစ်သည့် အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးကိုသာ ဦးတည်ခြင်းဖြစ်သည်။အထွေထွေကုန်ဈေးနှုန်းတက်ခြင်းက ၎င်းတို့၏စစ်ကောင်စီကို တော်လှန်လိုစိတ်အား မထိခိုက်ကြပေ။ တစ်ရစ်ထက်တစ်ရစ်တက်လာသည့် ပြည်သူများ၏ အထွေထွေအကြပ်အတည်းကို ဖြေရှင်းရန်သည် စစ်ကောင်စီပြုတ်ကျခြင်းသာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က သုံးသပ်ကြသည်။
 NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကတော့ “ မစ်ရှင်ပိုင်းတော့ထိခိုက်မှုမရှိဘူး၊ ဒါတွေကကြုံမှာပါပဲ “ လက်ရှိအကြပ်တည်းနှင့်ပတ်သက်ပြီး၎င်းတို့မျှော်လင့်ပြီးဖြစ်ကြောင်းဆိုသည်။
 သို့သော်၎င်းတို့ကိုယ်တိုင်ပင်ထောက်ပို့အပိုင်းနှင့်ပတ်သက်၍  “ ခါတိုင်းလိုလွယ်လွယ်ကူကူမရတော့ဘူး၊ ကြာလေ တက်လေ( ကုန်ဈေးနှုန်း ) ကြပ်လာလေ။ တိုက်ရိုက်ရောက်တဲ့ငွေတွေလည်းနည်းလာတယ် “ ဟု အလှူငွေကိုရည်ညွှန်းကာပြောသည်။ အလှူငွေရရှိမှုသည်လည်း ယခင်ထက်နည်းသွားကြောင်း ၎င်းတို့ကြုံတွေ့ရသည်ကိုဆက်ပြောသည်။
  “ အလှူငွေရပ်သွားတာတော့မဟုတ်ဘူး နည်းသွားတာ “ ဟုဆိုသည်။ ယခင်က တစ်သိန်းပမာဏတွင် ယခု ငါးသောင်း/ခြောက်သောင်း ခန့်သာရတော့ကြောင်း ဥပမာပေး၍ရှင်းပြသည်။
 ရိက္ခာအပိုင်းနှင့်ပတ်သက်၍ယခင်က အပြင်ထွက်ရန် ဆီဖိုး သုံးထောင်ဝန်းကျင်ကျပ်သာဖြစ်သော်လည်း လက်ရှိတွင် တစ်သောင်းကျပ်ခန့်ကျသည်ဖြစ်သောကြောင့် အပြင်ထွက်ဝယ်စားမည့် အစားအသောက်ထက် ဆီဖိုးအတွက်ပိုမိုကုန်ကျနေသည်ဖြစ်ရာ ဖြစ်သလိုစားဖြစ်နေကြကြောင်းဆိုသည်။
  “ တောထဲအသီးအနှံတွေလောက်ပဲအဆင်ပြေတော့တယ်၊ အသားငါးတော့ခက်သွား��ြီ “ ဟုဆိုသည်။
 လက်ရှိအထွေအထွေအကြပ်အတည်းကိုရင်ဆိုင်နေရသည့်ပြည်သူတစ်ဦးကတော့ ကုန်ဈေးနှုန်းများ တက်ခြင်းသည် လွန်ခဲ့သည့်ခြောက်လခန့်ကတည်းက ဆက်တိုက်တက်လာခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ပိုမိုထင်ရှားလာခြင်းဖြစ်သည်ဟုဆိုသည်။ ယခုကာလတွင် ယေဘူယျအားဖြင့် စားစရာမရှိသဖြင့်ငတ်နေသူများနှင့် စားစရာရှိသော်လည်းလျှော့စားနေသူများဟူ၍ နှစ်မျိုးသာရှိကြောင်း ၎င်းကမြို့နေလူတန်းစား၏အခြေအနေကိုသုံးသပ်သည်။ စားစရာမရှိကြတော့သဖြင့် လမ်းပေါ်ထွက် တောင်းနေကြရသူများကိုလည်း ကိုယ်တိုင်တွေ့ကြုံရကြောင်း၎င်းကပြောသည်။ ဆီလည်းလျှော့သုံးရကာ အလေအလွင့်မရှိအောင်ချတ်ပြုတ် စီမံသည်ဟု၎င်းကဆက်ပြောသည်။
  စက်တင်ဘာ ၅ တွင် တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ခန့်ပေါက်ဈေးရှိသည်။ ထိုရှေ့များအတွင်း ဒေါ်လာဈေး ၄၅၀၀ ကျပ်တွင်တန့်သွားရာမှမှ ၃၅၀၀ ကျပ်ဝန်းကျင်သို့ပြန်ကျသွားသော်လည်း ဒေါ်လာရောင်းမည့်သူမရှိသောကြောင့် ဝယ်၍မရကြောင်း မြန်မာကျပ်မှဒေါ်လာပြောင်းရန်ကြိုးစားခဲ့သည့် ကိုယွန်းကပြောသည်။ ကိုယွန်းက နိုင်ငံရပ်ခြားရောက်နေပြီး မြန်မာပြည်တွင်းမှ ၎င်းထံသို့ငွေပို့ရန်ကြိုးစားသည့်ဖြစ်စဥ◌်တွင် ၎င်းတွေ့ကြုံရခြင်းကိုပြောခြင်းဖြစ်သည်။
  မြန်မာကျပ်ငွေတန်ဖိုးအလွန်အမင်းကျဆင်းပြီး ဒေါ်လာဝယ်လိုမှုနှင့် ဒေါ်လာဈေးတက်နှုန်း အလွန်မြင့်မားသည့်အချိန်တွင် စစ်ကောင်စီမှ ဗဟိုဘဏ်သည် ဒေါ်လာသန်းနှစ်ရာ ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၅ တွင် နေပြည်တော်၌ စစ်ကောင်စီလက်အောက်ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးများကိုစတင်ရောင်းချပေးခဲ့သည်။ သို့သော် ရွှေဒင်္ဂါးများမှာ ပြင်ပရွှေဈေးကွက်တွင်ပေါက်နေသည့်ဈေးနှုန်းအတိုင်းသာဖြစ်နေသောကြောင့် ဘာမှမထူးကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဒေါ်လာသန်းနှစ်ရာထောက်ပံ့ပေးမည်ဟုဆိုထားသော်လည်း မည်သည့်နေရာတွင်မည်သို့ထောက်ပံ့သည်ကို မသဲကွဲသေးပေ။
 စစ်ကောင်စီ၏ယင်းအစီအစဉ်များသည် ဈေးကွက်အတွင်းထုတ်ကုန်ပစ္စည်းများရှားပါးလာမှုနှင့်အတူ ဈေးနှုန်းမြင့်တက်လာခြင်းကို တစ်စုံတစ်ရာသက်သာဖြေရှင်းနိုင်သည်ကို မတွေ့ရပေ။ ရွှေဈေးအပါအဝင် ဈေးကွက်အတွင်းရှိအထွေထွေကုန်ဈေးနှုန်းများမှာ တက်မြဲအတိုင်းတက်လျက်ရှိပြီး ဒေါ်လာမှာလည်း ဝယ်ရခက်ခဲနေဆဲပင်ဖြစ်သည်။
 ရွှေဘိုမြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ခေါင်းဆောင်က “ ဒီလိုအခြေအနေထိတောင်မှ တွေ့လာသေးတာ၊ ဒီ့ထက်ဆိုးလာလဲ တောင့်ခံပေါ့။ ကျတော်တို့က ဒီလိုဖြစ်နေရင် ကျတော်တို့ကို အားကိုးနေတဲ့ပြည်သူတွေဘယ်လိုလုပ်မလဲ “ ဟု လက်ရှိအခြေအနေကို ရင်ဆိုင်နေကြရပုံနှင့် ပတ်သက်ပြီးဆိုသည်။
 ဆက်လက်၍ ၎င်းက ရယ်မော၍ ၎င်းတို့ကိုယ်ကိုယ် “ ဒီလိုပဲပေါ့၊ ပစ်တိုင်းထောင်တွေ “ ဟုပြောလေသည်။
  ပုံစာ - ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တွင်တွေ့ရသည့် ကလေးငယ်တစ်ဦး (ပုံဟောင်း)
 Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၆၄)
Tumblr media
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ-
 အခုရက်ပိုင်းတော့ မောင်စကအတော်လေးစိတ်ချမ်း���ာပါတယ်။
 ကုန်ဈေးနှုန်းတွေလည်း တည်ငြိမ်၊ စီးပွားရေးတွေလည်းကောင်း၊ လျှပ်စစ်မီးတွေအပြည့်အဝရ၊ လောင်စာဆီတွေ ဘုန်းဘောလအော ရနေပြီဆိုတဲ့ သတင်းစာထဲက ရေးသားချက်တွေကို ဖတ်နေတော့သကိုး။ မောင်စကတို့ဆိုတာလည်း ခေတ်မီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီကို ချီတက်ကြမယ်ဆိုတဲ့ ခေတ်မှာ လူဖြစ်လာတာမဟုတ်လား။ အဲဒီနိုင်ငံတော်ကြီးဆီ ရောက်တာ မရောက်တာတော့ တစ်ပိုင်းပေါ့လေ။
 သတင်းစာဖတ်ရင်းနဲ့ မစ္စတာပူတင်တို့ရဲ့ ရှရှားအကြောင်းတွေဆီရောက်သွားတော့ မိုးအေးအေးလည်း ဗော်ဂါလေးတောင် သောက်ချင်မိသွားသေး။
 စိတ်ချမ်းသာစရာတွေပြည့်ဝနေတဲ့ သတင်းစာလေးကို ဘေးချလိုက်ပြီဆိုရင်ပဲ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ရဲ့ လေးလပတ်အစည်းအဝေးကြီးထဲကို မောင်စကတစ်ယောက်ယောင်ချာချာနဲ့ ရောက်သွားလေရဲ့။
 စစ်သားတွေ စစ်မတိုက်တတ်ရကောင်းလားဆိုပြီး စတန်းဒက်အာမီကြီးကို သိပ်မဆူပါနဲ့ခင်ဗျာ။
 စစ်သားတွေဈေးရောင်း၊ စစ်သားတွေ ကုမ္ပဏီထောင်၊ စစ်သားတွေ စားခွက်လု၊ စစ်သားတွေ စားမာန်ခုပ် လုပ်နေမှတော့ စစ်သားတွေ စစ်မတိုက်တတ်တော့တာ မဆန်းပါဘူးခင်ဗျား။
 တိုင်းပြည်ကို တရွတ်တိုက်ဆွဲ ကရင်မလင်အထိကိုယ်တိုင်ကိုယ်ကျရောင်းစားခဲ့တာကလည်း စစ်သားအလုပ် စစ်သားလုပ်တာလို့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌက ထင်ချင်ထင်နေမှာပေါ့။
 တိုင်းပြည်ရောင်းတစ်ခုလုံး ရောင်းစားတာတောင်မှ လက်အုပ်လေးချီ၊ ဘုရားထူးပြီး လာပါ ဝယ်ပါ တစာစာ အော်နေတာကိုမြင်မှ မောင်စကတို့ပြည်က ဈေးပေါင်ကျိုးနေတာသိရတော့သကိုး။
 ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီးဥက္ကဌကိုယ်တိုင် စကြဝတေးမင်းအဖြစ် ခန့်အပ်လိုက်တဲ့ မစ္စတာပူတင်ကို အရှင်လတ်လတ် တွေ့ခဲ့ဖူးပြီဆိုတော့ သေပျော်ပြီပေါ့။ အဲ တကယ်မသေလိုက်ပါနဲ့ခင်ဗျာ။
 စစ်တိုက်တတ်မတတ် အရာရှိဖြစ်ဖြစ် ရဲဘော်ဖြစ်ဖြစ် စစ်သားတွေ မလာလကီးယားလို့ ပျော်တဲ့နိုင်ငံဟာ ကမ္ဘာမှာ မောင်စကတို့သာရှိတာမို့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့နာရေး လူမစည်မှာကို စိုးရိမ်မိလို့ပါ။
 စတန်းဒက်အာမီကြီးကို ဒေါသထွက်ထွက်နဲ့ စစ်သားမလုပ်ချင် ထွက်ကြလို့ မငေါက်လိုက်ပါနဲ့ ။ စစ်ရေးပြကွင်းထဲက ရုပ်တုကြီးတွေပါ ထွက်ကုန်လို့ ဟုတ်ပေ့ဖြစ်ကုန်ပါ့မယ်။
 အကယ်၍နောက်တစ်ခါ ရုရှားသွား စကြဝတေးမင်းသွားဖူးမယ်ဆိုရင်လည်း အပြန်မှာ မောင်စကအဖို့ ဗော်ဂါလေးဆွဲခဲ့ပါဦးလို့ ပြောရင်းစာကို အဆုံးသတ်လိုက်ပါတယ်။
 ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
0 notes
burmaassociatedpress · 3 years ago
Text
၈ လကျော်အတွင်း ရိုဟင်ဂျာ ၁,၀၀၀ ကျော် ဖမ်းဆီးခံရ (English Below)
Tumblr media
ရန်ကုန်၊ စက်တင်ဘာ ၈။
 BAP က ပြည်တွင်းသတင်းဌာနများတွင်း ဖော်ပြထားသည့် ရိုဟင်ဂျာများ ဖမ်းဆီးထိန်းသိမ်းခံရမှု သတင်းများကို စုစည်းထားသည့် အချက်အလက်များအရ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ပထမပတ်အတွင်း ဖမ်းဆီးခံရသည့် ၆၄ ဦး အပါအဝင် ၈ လကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံး ရိုဟင်ဂျာလူမျိုး ၁,၀၉၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ အရေအတွက်ထဲတွင် အသက် ၁၈နှစ်မပြည့်သေးသည့် ကလေးငယ် ၄�� နီးပါးနှင့် အမျိုးသမီး ၃၀၀ ကျော်လည်း ပါဝင်သည်။
 ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း ၄၂ ခုမှ စုဆောင်းထားသည့် ကိန်းဂဏန်းဖြစ်ပြီး ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မကွေးနှင့် ရန်ကုန် စသည့်တိုင်းနှင့်ပြည်နယ်များအတွင်းရှိ မြို့နယ်ပေါင်း ၁၉ ခုမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
 ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံရမှု ၂၁ ခုဖြင့် အများဆုံးဖြစ်သည်။ အများစုမှာသည် တနယ်တကျေး သွားရောက်အလုပ်လုပ်ကိုင်ရန် ကုန်လမ်း၊ ရေလမ်းမှတဆင့် ထွက်ခွာစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့ပြင် စစ်ရေးဂိတ်များတွင် ဖမ်းဆီးခံရမှုလည်းရှိသည်။
 ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူမျိုးများသည် ခရီးသွားလာခွင့် ပိတ်ခံထားရပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် ပွဲစားများကတဆင့် တခြားပြည်နယ်နှင့် နိုင်ငံများသို့ စွန့်စားကာ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။
နောက်ဆက်တွဲအနေဖြင့် ပွဲစားများက ငွေကြေးလိမ်လည်မှု၊ လုပ်အားခခေါင်းပုံဖြတ်မှုနှင့် လူကုန်ကူးခံရသည့်ဖြစ်စဥ်များနှင့် ကြုံတွေ့ကြရပြီး ပင်လယ်ပြင်တွင် စက်လှေပျက်မှုကြောင့် အစာရေစာပြတ်လပ်ကာ အသက်သေဆုံးသည့် ဖြစ်စဥ်များလည်းရှိသည်။
 ထို့ပြင် ဖမ်းဆီးခံရသူများသည် တရားမဝင်ခရီးသွားလာမှု၊ လဝကဥပဒေချိုးဖောက်မှုတို့ဖြင့် ဖမ်းဆီးထောင်ချခံရသည်။
 ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်အိမ်နီးချင်း ဘင်္ဂလားဒေ��ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ရိုဟင်ဂျာလူ မျိုးတုန်းသတ်ဖြတ်ခံရမှုမှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင် ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း နေရပ်မပြန် နိုင်ကြသေးပေ။
 အထက်ပါသတင်းဖော်ပြပါ ဖမ်းဆီးခံရမှု ကိန်းဂဏန်းသည် သတင်းအချက်အလက် ရရှိမှုအပေါ်မူတည်၍ ရေး သားထားခြင်းဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် သတင်းမတက်လာသည့် ဖြစ်စဥ်များလည်း ရှိနိုင်သောကြောင့် မြေပြင်တွင် ရိုဟင်ဂျာများ အမှန်တကယ် ဖမ်းဆီးခံရမှုပါ ယခုသတင်းပါ အရေအတွက်ထက်ပင် ပိုများနိုင်သည်။
  Over 1,000 Rohingya were arrested in Myanmar
 Yangon, September 9
 According to the data collected by BAP via news reported from local media outlets relating to Rohingya arrested, at least 1,091 Rohingya were arrested during more than eight months of 2022, including 64 who were arrested during the first week of September.
 Among them, nearly 40 children and over 300 women were included.
 The cumulative numbers resulted from 42 cases of arrest and, they were arrested from 19 townships of Rakhine, Ayeyarwaddy, Bago, Karen, Magway, and Yangon.
 Rakhine State recorded the highest of arrests with 21 cases, and most of the Rohingya ethnic were arrested while leaving Rakhine State to get jobs in other places. Then, there also arrested at the checkpoints along the road.
 Rohingya ethnic in Rakhine State have been restricted from travelling. Due to the scarcity of job opportunities in local, they have to adventure to other states and countries to get jobs via brokers.
 Consequences, they have been facing are financial fraud, exploitation, and human trafficking by brokers, and also died from malnutrition on the boat when that boat was wrecked.
 The arrestees also have been imprisoned for traveling illegally and violating immigration law.
 In 2017, the Burmese Tatmadaw committed genocide on the Rohingya in the Rakhine state, it forcing more than 700,000 of Rohingya had fled to neighbouring Bangladesh. It has been marked five years since the Rohingya genocide last August 25, but they still haven’t been able to return their home.
 The number of arrests mentioned above is written based on the availability of information, and there may be cases that are not reported after the arrest, so the actual number of Rohingya arrested on the ground may be even more than the number reported.
 Burma Associated Press
1 note · View note
burmaassociatedpress · 3 years ago
Text
Even more hardship for Buddhist nuns
Tumblr media
Devoting one’s life to preserving and spreading Buddha's teachings is already one of the most challenging callings a Burmese woman can take up. No easy task at the best of times, the current situation in Myanmar since the military seized power makes being a Buddhist nun even harder than usual. Burma Associated Press visited a nunnery in Yangon to learn more about how the country's turmoil is affecting nuns. The morning BAP visited the nunnery, the grounds were completely soaked due to heavy rain that had begun the night before and had continued into the  next day. Nuns were busy preparing to leave for their usual morning walk to seek alms despite the rain. However, at the last minute Daw Ae Thein Gi, the head of the nunnery, made the decision to call off the trip because of the wet weather. She explains that she decided to call off the walk because she did not want her charges to run the risk of falling ill from spending long hours out in the rain. The donations she expected they would “be able to collect did not justify the risk, she added. It isn’t just the weather that the nuns have to contend with when it comes to seeking donations; the country’s political and economic instability, and COVID-19 have also disrupted their efforts. “Normally, we used to go out two days before Uposatha day, a Buddhist worship day normally observed once a week, but now we don’t go when there is heavy rain as people are burdened by economic hardship,” Ae Thein Gi says. Even the deeply ingrained Burmese practice of giving alms to nuns and monks, something normally seen just about anywhere in the country, has been disrupted by the political and economic uncertainty roiling the country. While Buddhist monks face some of the same difficulties, the situation has been particularly hard for nuns as they normally have fewer regular donors compared to their male counterparts. Under normal circumstances  some 110 out 140 nuns under Ae Thein Gi’s supervision walk along the roads in the township where the nunnery is located, she   says. “Donations these days are half what they used to be. In the past, even small grocery shops would give small donations of things like garlic or coffee powder instead of money, but with the cost of living soaring they can no longer even afford that,” Ae Thein Gi says. “Times are so hard that even small things are hard to donate,” she adds. Admittedly, she says, donations first started shrinking when COVID-19 hit the country hard in 2020, but the situation is now compounded by the economic hardship the country is undergoing. Even regular donors have started cutting back, she says. People who used to donate every month are now doing so every three months instead and she says she now has to cut back on the meals the nunnery cooks to compensate. “I try to cut back where I can , but it is difficult, especially with rice. If there isn’t enough rice, their health will begin to suffer. So, I try to ensure there is enough rice,” she says, adding that she now uses more beans as a substitute for meat that is now more expensive as a source of protein “I am hesitant to call up donors when we don’t have enough rice since people who used to donate 50 bags of rice in the past can now only donate five to 10 bags,” she says. In addition to having to deal with food shortages, she says she now has to worry about a lack of medicines to deal with the colds and flus that are common during the rainy season. All this is made more difficult by the fact that they now have to worry about physical security when that never used to be a consideration at all. “No one has come out and openly said we should not go out to seek donations, but we have to plan for that these days. We need to find out what the security situation is in a particular area, whether there were any ‘incidents’ there, before we can think of going there. We can’t freely go anywhere anymore,” she says. She now tells young novices to avoid crowded places and to not pick up random bags or packages and constantly worries about their safety while they are out. She used to only arrange transportation for young nuns to go out to receive donations, but now also arranges transportation for the return trip for safety’s sake. “It is an added cost in a time of hardship, but it is better for the safety of the young ones,” Ae Thein Gi explains. At another nunnery in Yangon run by Daw Pyinnyar the situation is much the same. Daw Pyinnyar says her facility hosts nearly 250 nuns, including young novices who live there. She too tells of a significant drop in donations. She says where they used to serve meat for meals twice a week, this has been reduced to once a week. Additionally, she says there have been no donors of meals so far this year, even as they receive smaller donations when they go out to seek alms. On top of the cost of food, the nunnery also has to pay the salaries of teachers brought in to teach the novices. Daw Pyinnyar now constantly worries about the rising cost of living and the accompanying belt tightening. “I worry about what the future holds since I have a lot of young girls under my care and the question of whether there is enough food for them is always on my mind,” she says. In case there is any question about these hardships being isolated cases, Daw Thone Nandi, says the nunnery she oversees is also experiencing similar difficulties. She too says the facility she oversees has had to cut back on the frequency meat is available for meals as prices have risen. “While we are not yet starving there is also absolutely nothing extra,” Daw Thone Nandi says. She says her main concern for now is the nunnery’s finances. “Essentially, people who used to donate K10,000 now give K5,000, those who used to give K5,000, now can only afford K2,000. People have told me that they hope to go back to their usual giving once things are more normal.” Due to the drop in monetary donations, the use of everything from cooking oil to eggs used every week in the nunnery  is now strictly rationed. “In the past, I didn’t have to worry about the cost of food. If I want to provide chicken for a meal, I could. Now I have to think twice about it or maybe substitute something cheaper to make sure we don’t run out of money,” Daw Thone Nandi says. Even with the conditions as they are, the nuns that BAP spoke to say they are hopeful and will continue to do what they can to deal with the situation. Daw Thone Nandi says she believes the nuns under her care will not starve, and that focusing on her religious learning brings her comfort. Meanwhile, Daw Ae Thein Gi says she hopes that her benefactors will be able to pull through the hard times that the whole country is sharing. Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ခိုင်မာသော ကတိကဝတ် တည်ဆောက်ရေး
Tumblr media
၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို မကြာမီကျင်းပတော့မည်။ မြန်မာနိုင်ငံကိုယ်စားပြုခွင့် (Credential) ရရှိခြင်းကိစ္စသည် ထိုညီလာခံတွင် နိုင်ငံ ရေးအရ အသိအမှတ်ပြုနိုင်ရေး အားပြိုင်မှုဖြစ်လာသည်။ စစ်ကောင်စီအနေဖြင့် ယင်းတို့အား ကိုယ်စားပြုနိုင်သူကို တင်သွင်းမည်ဖြစ်သလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားပြုခွင့်ရရန် ကြိုးစားနေသည်။ အများပြည်သူကို ကိုယ်စားပြုနိုင်ခြင်းအရဖြစ်စေ၊ အများပြည်သူ၏ အင် ပြည့်အားပြည့် ထောက်ခံမှုအရဖြစ်စေ သံအမတ်ကြီး ဦး ကျော်မိုးထွန်းသာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ဖြစ်သင့်သည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော်လည်း ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများအရ တင်သွင်းလာသည့် ကိုယ်စားပြုခွင့် လက်ခံခြင်းနှင့် အ တည်ပြုခြင်းကို ယင်းတို့ကသာ ဆုံးဖြတ်မည်ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်ရရှိခြင်းသည် ကမ္ဘာ့နိုင်ငံရေးစင်မြင့်အထက်က မြန်မာ့အရေးအခင်း အကျင်းဖြစ်လာသည်။ ထို့ကြောင့် ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ် ရေး အစိုးရ(NUG) ကိုယ်စားပြုဆက်လက် လက်ခံရန် ကြိုးပမ်းလာရပြန်သည်။ ထိုသို့ ကြိုးပမ်းရာတွင် အများပြည်သူ၏ထောက်ခံမှုပြသရန် လိုအပ်လာသဖြင့် အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် စည်းရုံးလှုံ့ ဆော်မှုများပြုလုပ်လာရပြန်သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ ယင်းကောင် စီ၏ ဦးဆောင်မှုကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)တို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့အတူ ကောင်စီ၏ အားထုတ်မှုကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိ ညာဉ်ကိုလည်း ပထမအကြိမ်ပြည်သူ့ညီလာခံဖြင့် အတည်ပြုနိုင်ခဲ့သည်။ ယင်းပဋိညာဉ်၏ ပေးထားချက်များတွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရေး၊ နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည် ဆောက်ရေးဆိုင်ရာ ဝန်ခံကတိပြု သည်များလည်း ပါဝင်သည်။ ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုရရှိရေးကိစ္စကိုလည်း ယင်းလမ်း စဉ်များဖြင့်သာ ဆောင်ရွက်နေကြောင်း သေချာပါသည်။ သို့သော် တော်လှန်ရေးဦးဆောင်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကိစ္စများတွင် ဗမာကြီးစိုးခြင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကြီးစိုးလိုခြင်းဆိုသော အသံများထွက်ပေါ်လာပြီး အင်အားစုများ အကြား ယုံကြည်မှုတည်ဆောက်ခြင်းကို အဟန့်အတားဖြစ်ဖွယ်ရာရှိနေပါသည်။ ယင်းအဟန့်အတားများကို ကျော်လွှားရန်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ စည်းနှောင်ထားနိုင်မှု ကို ပြသနိုင်ရန်လည်းကောင်း၊ ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်ခြင်းကို ပြသနိုင်ရန်လည်းကောင်းနှင့် ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကို သိမ်းသွင်းနိုင်ရန်လည်းကောင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ဝန်ခံကတိများကို နိုင်ငံတကာအသိုင်းအဝန်းရှေ့မှောက်တွင် စာချုပ်စာတမ်းအနေဖြင့် အခိုင်အမာပြုသင့်ပါသည်။ ယင်းစာချုပ်စာတမ်းပြု၊ ကတိကဝတ်ပြုခြင်းသည် ပင်လုံစာချုပ်ကဲ့သို့ သက်သေခိုင်လုံသော၊ တောင့်တင်း သေ ချာသော အာမခံမှုဖြစ်လာနိုင်ပါသည်။ ယုံကြည်မှုတည် ဆောက်နိုင်ခြင်းနှင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှု၊ အား ပေးထောက်ခံမှုများ ပိုမိုရောက်ရှိလာပါမည်။ အများပြည်သူ၏ အာဏာရှင်စနစ်ဆန့်ကျင်ခြင်းအပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်လိုခြင်းအတွက်ကိုပါ ထောက်ခံမှုရရှိလာနိုင်မည်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ အတွက်လည်း သေချာစေပါလိမ့်မည်။ ပင်လုံစာ ချုပ် အစပြုခြင်း၏ နောက်ဆက်တွဲအဖြစ် အာဏာ ရှင်စနစ်ကို အဆုံး သတ်စေမည်။ ဖက်ဒရယ်ဒီမိုကရေစီ ထွန်းလင်းပါလိမ့်မည်။
Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ဆရာလေးတို့ စားရဖို့ ခက်လာတဲ့ ဆွမ်းတနပ်
Tumblr media
ညထဲက သည်းသည်းမည်းမည်းရွာချထားတဲ့မိုးကြောင့် မနက်ရောက်တော့ ကျောင်းဝန်းတစ်ခုလုံးရေတွေအပြည့်။ ကျောင်းရှိ သီလရှင်ဆရာလေးတွေကတော့ မိုးရေတို့ကိုမမှုဘဲ ဆွမ်းဆန်စိမ်းအလှူခံထွက်ဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေကြတယ်။ ကျောင်းဝန်းအပြည့် ရေတွေကိုကြည့်ပြီး ဆရာလေးတွေကို ဒီနေ့ဆွမ်းခံမထွက်ခိုင်းဖို့ တိုက် အုပ်တပါးဖြစ်တဲ့ ဆရာလေးဒေါ်ဧသိင်္ဂီ ဆုံးဖြတ်လိုက်တယ်။ မိုးရေတွေကြားထဲ အလှူခံထွက်ကြရင် အလှူခံရတာနဲ့မှမကာမိအောင် ဆရာလေးတွေဖျားနာကြမှာစိုးတဲ့အတွက် တားလိုက်ရတာဖြစ်တယ်။ ကိုဗစ်ရောဂါတွေကြားက မိုးတွင်းကာလဖြစ်တဲ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြောင့် ဆရာလေးဒေါ်ဧသိင်္ဂီတို့ ကျောင်းက သီလရှင်ဆရာလေးတွေရဲ့ ဆွမ်းဆန်စိမ်းအလှူခံထွက်ရတဲ့ ရက်တွေက ပုံမှန်မဟုတ်တော့ပါဘူး။ အရင်က တပတ်မှာ တောဖိတ်၊မြို့ဖိတ်(ဉပုသ်နေ့မတိုင်ခင်နှစ်ရက်) အလှူခံ ပုံမှန်ထွက်ကြပေမယ့် အခုကာလမှာ တော့ မိုးရွာတဲ့နေ့နဲ့ တိုက်ဆိုင်တဲ့အခါနဲ့ နိုင်ငံရေးအခြေ အနေမကောင်းတဲ့နေ့တွေဆို ဆွမ်းခံမထွက်ဖြစ်ဘူးလို့ ရန် ကုန်မြို့မှာရှိတဲ့ သီလရှင်ကျောင်းတစ်ကျောင်းက တိုက် အုပ်တပါးဖြစ်တဲ့ ဆရာလေးဒေါ်ဧသိင်္ဂီ ကပြောပါတယ်။ ဆွမ်းခံထွက်ရက်တွေက ပုံမှန်မဟုတ်တော့တဲ့အပြင် စီးပွားရေးကြပ်တည်းမှုတွေကြောင့် အလှူခံရရှိတဲ့ အခြေအ နေကလည်း လျော့ပါးသွားပါတော့တယ်။ အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်သူလူထုအနေနဲ့ စီး ပွားရေး၊ လူမှုရေး အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံ တွေ့လာရပါတယ်။ ဒီအကြပ်အတည်းတွေဟာ ပြည်သူ လူထုကို တင်မကဘဲ သာသနာ့အနွယ်ဝင် ပုဂ္ဂိုလ်အချို့ဆီကိုလည်း ရိုက်ခက်လာပါတော့တယ်။ ရဟန်းသံဃာတွေက လှူဒါန်းမယ့်သူပေါများတဲ့အတွက် ဒီကာလမှာမသိသာပေမယ့် နဂိုကတည်းက လှူဒါန်းသူ နည်းပါးတဲ့ သီလရှင်ဆရာလေးတွေအတွက်ကတော့ အခုကာလမှာ ပိုမိုကြပ်တည်းလာကြပါတယ်။ ဆရာလေး ဒေါ်ဧသိင်္ဂီတို့ကျောင်းမှာ သီလရှင်အပါး ၁၄၀ ရှိပြီး အပါး ၁၁၀ လောက်ကတော့ ဆွမ်းခံထွက်ကြ တယ်။ အရင်က ဆရာလေး ၅ ပါးကို ငွေတစ်ထောင်ကျပ်လှူတဲ့အလှူရှင်က အခုဆိုရင် ငါးရာလောက်ပဲ လှူနိုင် တော့တယ်လို့ ဆရာလေးဒေါ်ဧသိင်္ဂီ ကပြောပါတယ်။ အရင်ကဆို ကုန်စုံဆိုင်၊ဈေးဆိုင်လေးတွေက ဝတ္ထုငွေမ ဟုတ်တောင် ကြက်သွန်လေး၊ကော်ဖီမစ်လေးတွေ လှူကြပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအခြေအနေတွေကြောင့် မ လှူနိုင်ကြတော့ပါဘူး။ “အမျိုးမျိုးပေါ့၊ အသေးအဖွဲလေးတွေကအစ မလွယ်ကူတော့ဘူး။ သူတို့(ဒါယိကာ၊ဒါယိကာမ)မှာမလွယ်ကူတော့ ကိုယ်တွေလည်း တိုက်ရိုက်အချိုးကျသွားတာပေါ့”လို့ ဆရာလေးဒေါ်ဧသိင်္ဂီ ကပြောပါတယ်။ ပြီးခဲ့တဲ့ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်းကာလ ဆွမ်းခံမထွက်ရတဲ့ အခြေအနေတုန်းကတောင် အခု လောက်မဆိုးခဲ့ပါဘူး။ ခုကာလမှာတော့ အလှူရှင်ရှားပါးတာ၊ ပုံမှန်လှူနေကြ အလှူရှင်တွေကလည်း အလှူငွေ လျှော့လှူလာကြတာတွေဖြစ်လာပါတယ်။ အရင်က တလတစ်ခါလှူနေကြ အလှူရှင်တွေတောင်အခုအခါ သုံးလ တစ်ခါ လှူနိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီလိုကြပ်တည်းမှုတွေကြောင့် ကျောင်းမှာဆွမ်းဟင်းချက်တဲ့အခါ ဆီ၊ကြက် ���ွန် အဖြူအနီ၊အရောင်တင်မှုန့်စတဲ့ လျှော့သုံးလို့ရတာတွေကို လျှော့သုံးဖို့ ဆရာလေး ဒေါ်ဧသိင်္ဂီ စီမံရပါတယ်။ “လျှော့လို့မရတာကျ ဘယ်လိုမှလျှော့လို့အဆင်မပြေဘူးလေ။ ဆန်ဆိုလုံးဝလျှော့လို့မရတဲ့အရာ။ ထမင်းမှဝ အောင်မကျွေးရင် ကျန်းမာရေးချို့တဲ့မယ်လေ။ ထမင်းတော့ဝအောင်ကျွေးရမှာပေါ့” လို့ဆရာလေး ဒေါ်ဧသိင်္ဂီ က ဆိုပါတယ်။ အသားဟင်းမကျွေးနိုင်တော့ အသားဓာတ်နေရာမှာ ပဲအမျိုးမျိုးကျွေးရင်း အသားဓာတ်ရအောင် ဖန်တီးရပါတယ်။ ကျောင်းမှာ ဆန်အိတ်မလောက်ငှတော့တဲ့ အခြေအနေတွေရောက်ရင်လည်း ဒါယိကာ၊ဒါယိကာမတွေကို ရှေ့မျက် နှာ နောက်ထားပြီး ဖုန်းဆက်အလှူခံရပါတယ်။ အရင်က စုပေါင်းပြီး ဆန်အိတ်(၅၀) လောက်လှူသူတွေ အနေနဲ့ လည်း ခုဆိုငါးအိတ်၊ဆယ်အိတ်လောက်သာလှူနိုင်ပါတော့တယ်။ ဆွမ်းဆန်အပြင် ကျောင်းရှိသီလရှင်ဆရာလေးတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးလည်းပူပင်ရပါသေးတယ်။ မိုး တွင်းကာလ ဖျားနာတာနဲ့ နှာစေး၊ချောင်းဆိုးအတွက် ဆေးဝါးတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုအခက် အခဲ တွေအပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြို့ တွင်းဆွမ်းခံထွက်ရက်တွေကိုလည်း အခြေအနေကြည့်ပြီး စီစဉ် ရပါတယ်။ “ဘယ်သူကမှ ဆွမ်းခံရက်မထွက်နဲ့လို့ ပြောတာမဟုတ်ပေမယ့် ကိုယ်ကအခြေအနေကြည့်ရတာပေါ့။ ဥပမာ ဘယ် နေရာမှာ ဒီနေ့အခြေအနေကဘယ်လိုရှိတယ်ဆို အဲလိုရက်မလွှတ်ရဲဘူးလေ။ အခြေအနေကြည့်ပြီး လွှတ်ရတဲ့ အခါ ကျတော့ ဆွမ်းခံအပြည့်အဝ မထွက်ရတာမျိုးလေးတွေပေါ့”လို့ ဆရာလေးဒေါ်ဧသိင်္ဂီ ကဖွင့်ဟပါတယ်။ သီလရှင်ဆရာလေးတွေကိုလည်း ဘယ်လိုနေရာဆိုမသွားဖို့၊လူစုလူဝေးဆိုသွားမကြည့်ဖို့၊ ဘယ်လိုအထုတ်မျိုးဆို မကောက်ဖို့ စတာတွေကိုမှာကြားရပါတယ်။ သီလရှင်ဆရာလေးတွေ အကြောင်းကြောင်းကြောင့် ကျောင်းပြန် ရောက်ချိန်နောက်ကျရင်လည်း စိတ်ပူရပါသေးတယ်။ အရင်က သီလရှင်ဆရာလေးတွေဆွမ်း ခံထွက်ဖို့စုရပ်ကို အ သွားသာ ကားစီစဉ်ပေးပေမယ့် လက် ရှိမှာတော့ အပြန်အတွက်ပါကားစီစဉ် ပေးထားတယ်လို့ဆိုပါတယ်။ ဒီအ တွက် ကားခလည်းအပိုငွေကုန်ပါတယ်။ “အပိုကုန်တယ်။အပိုကုန်လို့စိတ်အေးရလားဆို စိတ်လည်းမလုံခြုံဘူး။စိတ်လည်းမအေးရဘူး။ ပြန်ရောက်လို့ ကိုယ့်ဆရာလေးတွေစုံမှပဲ စိတ်ဒုံးဒုံးချရတဲ့အခြေအနေပေါ့”လို့ဆရာလေး ဒေါ်ဧသိင်္ဂီ ကပြောပါတယ်။ ဆရာလေးဒေါ်ဧသိင်္ဂီတို့လိုပဲ အထွေထွေအကြပ်အတည်းကာလမှာ ခြိုးခြံခြွေတာရင်း သီတင်းသုံးနေကြတာက တော့ ဆရာလေးဒေါ်ပညာတို့ကျောင်းတိုက်ပါ။ ဆရာလေးဒေါ်ပညာတို့ကျောင်းဟာ ရန်ကုန်မြို့က သီလ ရှင်သင်ပညာရေးကျောင်းဖြစ်ပြီး ကျောင်းတိုက်မှာ သီလ ရှင် ဆရာလေးတွေအပါအဝင် စာသင်တဲ့ကလေးစုစု ပေါင်း ၂၅၀ နီးပါးရှိပါတယ်။ သီလရှင်ဆရာလေးတချို့ ကျန်း မာရေး မကောင်းတဲ့နေ့ကလွဲရင် ကျောင်းရှိသီလ ရှင်ဆရာလေး ၆၀ အနက် ၄၀ လောက်က ပုံမှန်အတိုင်းဆွမ်းခံ ထွက်ကြပေမယ့် အထွေထွေအကြပ်အတည်းတွေကြောင့် အလှူငွေအရနည်းသွားပါတယ်။ “ပုံမှန်လှူတဲ့အလှူရှင်လည်းလျော့နည်းသွားတယ်။ ဥပမာ ဇွန်းအကြီးနဲ့လှူမယ်ဆိုရင် ဟင်းခတ်တဲ့ဇွန်းနဲ့ ပြောင်း သွားတာပေါ့”လို့တိုက်အုပ်တစ်ပါးဖြစ်တဲ့ဆရာလေး ဒေါ်ပညာကပြောပါတယ်။ ဆွမ��းဟင်းအနေနဲ့လည်း အရင်ကတပတ်ကို အသားဟင်းနှစ်ရက်ကျွေးနိုင်ပေမယ့် အခုကာလတော့ တပတ်တစ် ရက်သာ ကျွေးနိုင်တော့တယ်။ ဒါ့အပြင် ၂၀၂၂ခုနှစ်အတွင်း ဆွမ်းတနပ်အလှူရှင်တစ်ဦးမှ မရှိသေးဘဲ အလှူခံ ရတာနဲ့သာ ချက်စားနေကြရတယ်လို့ ဆရာလေးဒေါ်ပညာကဆိုပါတယ်။ “တခြား စားစရာ သောက်စရာလည်း ဖြည်စွက်စားစရာမရှိဘူးလေ။ ဆွမ်းထမင်းလေးတော့ နပ်မှန်အောင်ကျွေး ပါ တယ်”လို့ဆရာလေးကဆိုပါတယ်။ ဆွမ်းဟင်းကုန်ကျစရိတ်အပြင် ဆရာလေးတွေကိုစာသင်ပေးတဲ့ ဆရာ၊မဆရာမတွေအတွက်လည်း လစဉ်လခ ထောက်ပံ့ရပါသေးတယ်။ကုန်ဈေးနှုန်းတွေ ပိုမိုတက်လာပြီး အစစအရာရာပိုမိုကြပ်တည်းလာပါက ကျောင်းက သီ လရှင်ဆရာလေးတွေအတွက် ဆရာလေးဒေါ်ပညာစိုးရိမ်မိနေပါတယ်။ “စိတ်ပူတာတစ်ခုကတော့ ကလေးတွေအများကြီးခေါ်ထားတာဆိုတော့ အနာဂတ်ကဘာမှန်းမသိတဲ့ အချိန်ဆို ရင် တော့ ကလေးတွေကို နပ်မှန်အောင်မှကျွေးနိုင်ပါ့မလားအဲ့ဒါတစ်ခုတော့စိတ်ပူတာပေါ့”လို့ ဆရာလေးဒေါ် ပညာက ဖွင့်ဟပါတယ်။ ဆရာလေးဒေါ်ဧသိင်္ဂီနဲ့ ဆရာလေးဒေါ်ပညာတို့ကျောင်း တိုက်တွေလိုပဲ အကြပ်အတည်းကာလကို ဖြတ်ကျော်နေ တာကတော့ ဆရာလေးဒေါ်သုနန္ဒီတို့သီလရှင်ကျောင်းပါ။ ဆရာလေးဒေါ်သုနန္ဒီတို့ကျောင်းမှာတော့ အစထဲက ငါး ပိရည်၊တို့စရာ၊ ကန်စွန်းရွတ်ပြုတ်၊ ကန်းစွန်းရွက်ကျော် ပဲပြုတ်စတာတွေကိုအားထားကြပြီး အသားဟင်းတစ် ပတ် တခါလောက်သာ စားကြတဲ့အတွက် လက်ရှိ ကုန် ဈေးနှုန်း ကြီးမြင့်လာချိန်မှာတော့ ခြိုးခြံပြီးသားဖြစ်နေပါ တယ်။ “အရမ်းကြီးအခက်အခဲကြီးဖြစ်တာတော့လည်းမဟုတ်ပါဘူး။ အရမ်းကြီးပိုလျှံနေတာလားဆိုတော့လည်း မဟုတ် ပါဘူး”လို့ ဆရာလေး ဒေါ်သုနန္ဒီကဆိုပါတယ်။ ဆွမ်းဟင်းနဲ့ပတ်သက်ပြီးအခက်အခဲများများစားစားမရှိပေမယ့် စီးပွားရေးအကြပ်အတည်းတွေကြောင့် ပုံမှန်ဒါယိ ကာ၊ ဒါယိကာမတွေရဲ့ အလှူငွေတွေကတော့ လျော့ နည်းသွားပါတယ်။ “သဘောတရားက အရင်တုန်းက တစ်သောင်းလှူတဲ့အလှူရှင်က ငါးထောင်လောက်ပဲလှူနိုင်တော့တယ်။ ငါး ထောင်လှူတဲ့အလှူရှင်က နှစ်ထောင်လောက်ပဲလှူနိုင်တော့တယ်။ သူတို့တောင်မှ ရုန်းကန်နေရတဲ့အခါကျ တော့ အရမ်းကြီးလည်းမလှူနိုင်တော့ဘူး။ တချို့ဆိုလည်းအဆင်ပြေမှ ပြန်လှူမယ်ဆိုတဲ့ ဒကာမတွေလည်းရှိတာပေါ့” လို့ ဆရာလေး ဒေါ်သုနန္ဒီကပြောပါတယ်။ ကုန်ဈေးနှုန်းအကြပ်အတည်းတွေကြား သီလရှင်ဆရာလေးတွေခမျာ အရာရာကို အဆင်ပြေအောင် စီမံရပါတယ်။ ဥပမာ တပတ်ကို ဆီ(၅၀)ကျပ်သားပဲသုံးမယ်ဆိုရင် ဆီ(၅၀)ကျပ်သားကွက်တိထားတာမျိုး၊ သီလရှင်တစ်ပါး ကြက်ဥတစ်လုံးနှုန်းဆို အပါးအရေအတွက်နဲ့ ကွက်တိထားတာတွေ စီစဉ်ရပါတယ်။ ကြက်သားအစား ငါးဟင်း ကျွေးရင်ကောင်းမလား၊ ကြက်ဥကျွေးရင် ကောင်းမလား စတာတွေ ချိန်ဆရပါတယ်။ “အရင်တုန်းကဆို စဉ်းစားစရာမလိုဘူး။ ဒီတပတ်ကြက် သားကျွေးမယ်ဆို မျက်လုံးစုံမှိတ်ကျွေးလိုက်ရုံပဲ။ အခုက ကုန်ဈေးနှုန်းတွေ တက်လာတာဆိုတော့ ဆရာ လေးတွေလည်း စားလို့အဆင်ပြေ၊ လုံလောက်တဲ့ ဝတ္ထုငွေ ပမာဏ ကို တွက်ရတဲ့ အနေအထားလေးတွေရှိတာပေါ့” လို့ ဆရာလေးဒေါ်သုနန္ဒီက ဆိုပါတယ်။ ခေတ်ဆိုးရဲ့ အထွေထွေအကြပ်အတည်းတွေကြားမှာ သီလရှင်ဆရာလေးတွေဟာ ကျောင်းအတွက် အဆင်ပြေ သလို စီမံရင်းဖြတ်သန်းနေကြရတာပါ။ ဆရာလေး ဒေါ်သုနန္ဒီကတော့ သာသနာမှာ တင်းတိမ်ရောင့်ရဲစွာ သီတင်း သုံးနေရတာဖြစ်တဲ့အတွက် ဆွမ်းတနပ်တော့မငတ်ဘူးလို့ခံယူထားပါတယ်။ ဆရာလေး ဒေါ်ဧသိင်္ဂီ ကတော့ အ ခက်အခဲတွေကြားမှာ ကြိုးစားရှင်သန်ကြဖို့ ဒါယိကာ၊ ဒါယိကာမတွေကို အခုလို သတင်းစကားပါးပါတယ်။ “ဒီကာလကြီးကို ဖေးမကူညီပြီးတော့ ကြိုးစားပြီး ဖြတ်သန်းသွားရအောင်လို့ ပြောချင်ပါတယ်”
Burma Associated Press
0 notes
burmaassociatedpress · 3 years ago
Text
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၆၃)
Tumblr media
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌခင်ဗျာ-
 ပလက်ဖောင်းပျောက်လို့ ခေါင်းအုံးအိပ်စရာမရှိ အဲလေ ဆိုရှယ်မီဒီယာမှာ ပလက်ဖောင်းမရှိလို့ ကြံမိကြံရာ ကိုယ်ပိုင် အမ်ကျူ့ဆိုလား၊ လူမှုကွန်ရက်ဆိုလား လုပ်တော့မယ်ဆိုလာတော့ နိပ်သဟပေါ့။
 ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ဆီက အမ်ကျူ့ဆိုတဲ့အသံကြားရင်ပဲ အဖေမတူ အမေကွဲ စီနီယာကျူ့ဖြစ်တဲ့ ယူကျူ့တောင် အိပ်မက်ဆိုးတွေမက်သွားရတယ်မဟုတ်လား။
  အမ်ကျူ့ဆိုတဲ့ ပလက်ဖောင်းကလည်း အရင်ဟာတွေလိုပဲ အခန့်မသင့်ရင် အချိန်မရွေးသင်္ခါရ သွားနိုင်တာမို့ မောင်စကအနေနဲ့ အကောင်းဆုံးအကြံပေးရရင် ဗိုလ်ချုပ်မှူးကြီးဥက္ကဌပြောချင်တာတွေ စာရွက်ပေါ်မှာသာ ချရေးလိုက်ပါ။
 အဲဒီစာရွက်တွေအတွက်လည်း စိတ်မပူပါနဲ့ ။
 အခုမြန်မာပြည်က ရှိရှိသမျှ စစ်ဆေးရုံတွေမှာ ကုတင်မလောက်အောင် ပေကပ်နေထိုင်ကြတဲ့ စတန်းဒက်အာမီထဲက အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေကို ဆေးရုံကနေ လမ်းပေါ်မောင်းချလိုက်ပါ။ ပြီးတဲ့အခါ ခုနက ဗိုလ်ချုပ်မှူးကြီးဥက္ကဌ ပြောချင်ရာပြောထားတဲ့ စာရွက်တွေကို လမ်းဆုံလမ်းခွတွေမှာ လိုက်ကပ်ခိုင်းလိုက်ပါ။
 အဲဒီနည်းကငွေကုန်ကြေးကျနည်းပြီးတော�� ဘယ်နည်းပညာရှင်မှလည်း ချိုးဖောက်ဝင်ရောက်ဖို့ မလွယ်တာကြောင့် စိတ်ချရပါတယ်ခင်ဗျာ။ ပိတ်ဆို့အရေးယူမှုလည်းလုပ်လို့မရတောင်ကြောင့် ပိုလို့တောင်စိတ်ချရပါသေးတယ်။
ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ ပြောစကားတွေလူသိအောင်လို့ နိုင်ငံတော်ကို ထုတ်ဝေသူလုပ်ခိုင်းပြီး စာအုပ်တွေထုတ်၊ ဝန်ကြီးဌာနတွေမှာ မဝယ်မနေရ ဇွတ်လုပ်နေဖို့မလိုသလို စစ်ဆေးရုံကနေ ��ှေ့တန်းပြန်ပို့ခံရမှာစိုးရိမ်နေတဲ့ စတန်းဒက်အာမီကြီးဟာလည်း အလုပ်အကိုင်လေးဘာလေးရှိသွားတာပေါ့။
 အခု ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ ရက်ပေါင်း ၆၀၀  မြန်မာပြည်ခရီးမှာ တိုင်းနဲ့ပြည်နယ်အနှံ့ သူတောင်းစားဆိုတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ တနေ့တခြားပေါပေါလာတယ် ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီးဥက္ကဌအတွက် ဝမ်းသာဂုဏ်ယူစရာပဲမဟုတ်လား။ မတော်လို့များ လမ်းပေါ်မှာ အုပ်စုလိုက်တောင်းနေတဲ့ သူတောင်းစားတွေဆီ ဒေါ်လာလေးများဝင်ခဲ့ရင် တိုင်းပြည်ဝင်ငွေလည်း တိုးတာပေါ့ခင်ဗျာ။
 ဒါပေမဲ့လည်း လမ်းပေါ်ခွက်ဆွဲတောင်းတဲ့ သူတောင်းစားတွေကတော့ သေနတ်ကိုင်၊ သဲအိတ်ချ၊ တာယာကွင်းတွေ ကာပြီးတောင်းနေကြတဲ့ သူတို့ပြိုင်ဘက်တွေရဲ့ ဝင်ငွေကိုတော့ မီနိုင်မယ်မထင်ပါဘူး။ အဲဒီပြိုင်ဘက်တွေရဲ့ နောက်မှာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံးစစ်တပ်ကြီးရှိနေတယ်မဟုတ်လားခင်ဗျာလို့ပြောရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။
 ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
0 notes